ဟူးကောင်းတွင် လယ်ယာ၊ အိမ်ခြံမြေများ ယုဇနကုမ္ပဏီမှ အဓမ္မ သိမ်းယူနေ

ဟူးကောင်းတွင် လယ်ယာ၊ အိမ်ခြံမြေများ ယုဇနကုမ္ပဏီမှ အဓမ္မ သိမ်းယူနေ

ကမ္ဘာ့အကြီးဆုံး ကျား ထိန်းသိမ်းရေး နယ်မြေ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမြောက်ဘက်ပိုင်းတွင် လယ်သမားများ၏ လယ်ယာ၊ အိမ်ခြံမြေများအား ယုဇနကုမ္ပဏီမှ အတင်းအဓမ္မ သိမ်းယူ....

ကမ္ဘာ့အကြီးဆုံး ကျား ထိန်းသိမ်းရေး နယ်မြေ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမြောက်ဘက်ပိုင်းတွင် လယ်သမားများ၏ လယ်ယာ၊ အိမ်ခြံမြေများအား ယုဇနကုမ္ပဏီမှ အတင်းအဓမ္မ သိမ်းယူနေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG)မှ  သြဂုတ် ၂၅ရက်နေ့တွင် အစီရင်ခံစာတစ်စောင် ထုတ်ဝေ လိုက်သည်။

ဦးဌေးမြင့် ဦးဆောင်သည့် ယုဇနကုမ္ပဏီသည် ဒေသခံလယ်သမားများ၏ လယ်ယာမြေများကို ပီလောပီနံများ စိုက်ပျိုးရန်အတွက် ဘူဒိုဇာများ၊ မြေတူးစက်များဖြင့် မြေလှန်ရှင်းလင်းကာ ဒေသခံမိသားစုများကိုပါ အတင်း အဓမ္မ ပြောင်းရွှေ့ခိုင်းနေခြင်း ဖြစ်သည်။
082510-hukawng
“ဟူးကောင်းချိုင့်ဝှမ်းမှာ ရှိတဲ့ ယုဇနကုမ္ပဏီရဲ့လယ်ယာမြေ သိမ်းဆည်းမှုနဲ့ ဒေသခံတွေနဲ့ ယုဇနကုမ္ပဏီ အလုပ်သမား တွေကြားမှာ ပြဿနာ ဖြစ်နေတဲ့ ကိစ္စတွေကို ကျမတို့ အစီရင်ခံစာ ထုတ်တာ” ဟု ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် အဖွဲ့မှ ပြောခွင့်ရ မအားနန် ပြောသည်။

အစီရင်ခံစာတွင် ဒေသခံပြည်သူများသည် ဟူးကောင်းချိုင့်ဝှမ်း တစ်ခုတည်း လယ်မြေ အတင်းအဓမ္မ သိမ်းခြင်း သာမက မြန်မာတစ်နိုင်ငံလုံး တောင်သူလယ်သမားတွေရဲ့ အခွင့်အရေး တွေကိုပါ ကိုယ်စားပြု ခုခံတော်လှန် ပေးနေခြင်းကို အားလုံး အတူတကွ ထောက်ခံအားပေးကြရန် ရေးသားထားပါသည်။

ယုဇနကုမ္ပဏီသည် စစ်အစိုးရနှင့် ဆက်နွယ်သော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ၂၀၀၆ ခုနှစ်တွင် စစ်အစိုးရမှ ဟူးကောင်း ချိုင့်ဝှမ်းဒေသအတွင်း ကြံနှင့် ဇီဝလောင်စာဆီအတွက် ပီလောပီနံ စိုက်ပျိုးရန်အတွက် မြေဧက ၂ သိန်း လုပ်ကိုင်ခွင့် ပြုထားခြင်းအပေါ် အခြားလယ်ယာမြေများကိုပါ အတင်းသိမ်းယူနေခြင်း ဖြစ်သည်။

၎င်းကုမ္ပဏီသည် ဧရာမပီလောပီနံ စိုက်ပျိုးရေး လုပ်ကွက်ထဲ ပါရှိတဲ့ ကျေးရွာ ၇ ရွာရှိ လယ်ယာမြေ၊ လိမ္မော်ခြံ၊ ဒညှင်းခြံ၊ ဌက်ပျော်ခြံ စသည့် စိုက်ခင်းများကို ဘူဒိုဇာများဖြင့် ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ လယ်ယာ မြေများကို သိမ်းယူခြင်းများ ပြုလုပ်နေသည်။ ထို့အပြင် မြောက်ပိုင်းတိုင်း တိုင်းမှူးနှင့် ယုဇနကုမ္ပဏီက ရွာသားများကို အတင်းအဓမ္မ ပြောင်းရွှေ့စေခြင်း၊ အိမ်ခြံမြေနှင့် မတန်သည့် လျော်ကြေး ငွေပေးခြင်းဖြင့် မတရား ပြောင်းရွှေ့ခိုင်းသည်။

ကျပ် ၄ သိန်း တန်တဲ့ မြေကို ကုမ္ပဏီက ကျပ်ငွေ ၈သောင်းဖြင့် မတရား ခေါင်းပုံဖြတ်နေကြောင်း ဒေသခံတစ်ဦးမှ ပြောသည်။ “ပေးတဲ့ အချိန်မှာယူပါ၊ ဒီကုမ္ပဏီက အစိုးရနဲ့ ပူးတွဲပြီး လုပ်တာ။ နောက်ဆိုပေးချင်မှ ပေးမှာ” ဟု အတင်းအကြပ် လုပ်ဆောင်နေကြောင်း ဒေသခံမှ ဆက်ပြောပါသည်။

ကုမ္ပဏီမှ အတင်းအကြပ် ပြောင်းရွှေ့စေမှုကြောင့် လယ်သမားများက သူတို့ မြေယာမှ ထွက်ခွါပေးရန် ငြင်းဆန် မှုများ ဖြစ်ပေါ်နေပြီး ဒေသခံကျေးရွာအယောက် ၂၀၀ လောက် စုစည်းကာ ဘူဒိုဇာမောင်းနှင်သူများအား သိုမီးသေနတ်ဖြင့် ပစ်ခြင်း၊ မောင်းထုတ်ခြင်း စသည့် ပြဿနာများ ရှိနေသည်။ တစ်ချို့သောဒေသခံ ပြည်သူလူထု ၁၀၀၀ ခန့်သည် ရွှေ့ပြောင်းရေး စခန်းများဆီသို့ အတင်းအကြပ် ရွှေ့ပြောင်းခြင်း ခံနေရကြောင်း အစီရင်ခံစာတွေ ဖော်ပြထားသည်။

ယုဇနကုမ္ပဏီသည် လူ့အခွင့်အရေး ချိုးဖောက်နေသည်ဟု ဒေသခံပြည်သူများက ဇူလိုင်လတွင် မြစ်ကြီးနားရှိ ပြည်နယ်တရားရုံးသို့ အမှုဖွင့်ထားခဲ့သော်လည်း တရားရုံးက ယခုထိ တုန့်ပြန်မှု မရှိသေးပေ။

နိုင်ငံတကာ အလုပ်သမား အဖွဲ့ကြီး ILO သို့လည်း စုံစမ်းဖေါ်ထုတ်ပေးရန် တောင်းဆိုထားသည်။

အမေရိကန်အခြေစိုက်၊  သဘာဝတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Wildlife Conservation Society)နှင့် စစ်အစိုးရတို့က ဟူးကောင်းချိုင့်ဝှမ်းကို ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် ၂၀၀၁ ခုနှစ်တွေ စတင်တည်ထောင်ခဲ့သည်။

ယုဇနကုမ္ပဏီမှ ကျား ဘေးမဲ့တောအား ဖျက်ဆီးနေသည်ကို WCSမှ လှစ်လျူရှုထားကြောင်းကို “သူတို့က အဓိက ပြဿနာကတော့ သူတို့ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ပြဿနာ ရှိတယ်၊ ပြည်သူလူထုနဲ့လည်း ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဘူး။ စစ်အစိုးရနဲ့ပဲ ရှိတာ။၊ ဒါမဲ့ ဒီစစ်အစိုးရနဲ့ လုပ်ဆောင်နေတဲ့ သူတို့ရဲ့ အကျိုးရလဒ် ကတော့ ကျားထိန်းသိမ်းရေး နယ်မြေသတ်မှတ်ထားတဲ့ ဒီနေရာတွေကို စစ်အစိုးရ ကျောထောက် နောက်ခံပေးတဲ့ အင်အားကြီး ယုဇနကုမ္ပဏီက ကြိုက်သလို၊ ဘာကိုမှ၊ ဘယ်ဥပဒေမှ ကြောက်စရာ မလိုပဲနဲ့၊  ကြိုက်သလို သူတို့ ဖျက်ဆီးပိုင်ခွင့် ရှိနေတယ်” ဟု မအားနန်မှ ပြောသည်။

ဆက်ပြီး မအားနန်မှ “အဓိက ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုတွေကို ဒီယုဇနကုမ္ပဏီက ဟူးကောင်း ချိုင့်ဝှမ်းမှာ ဘာလုပ်နေတယ်၊ သူတို့ ပြည်သူလူထုတွေကို ဘာလုပ်နေတယ်၊ အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေ တယ် ဆိုတဲ့ဟာကို သိခိုင်းစေချင်တာပါ” ဟု ပြောသည်။

 

 

 

 

Most read this week