အမတ်နေရာ (၇) ခု သာ UDPKS ပါတီ ၀င်ပြိုင်မည်

အမတ်နေရာ (၇) ခု သာ UDPKS ပါတီ ၀င်ပြိုင်မည်

ကချင်ပြည်နယ်မှ ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) UDPKS သည် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် ငွေကြေး အခက်အခဲကြောင့် အမတ်လောင်း (၇) ဦးသာ ဝင်ပြိုင်.....

ကချင်ပြည်နယ်မှ ၂၀၁၀ ရွေးကောက်ပွဲ ၀င်မည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) UDPKS သည် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် ငွေကြေး အခက်အခဲကြောင့် အမတ်လောင်း (၇) ဦးသာ ဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃) နေရာအတွက် မြစ်ကြီးနား၊ မိုးမောက်နှင့် တနိုင်းမြို့နယ်များ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် (၂) နေရာအတွက် အင်ဂျန်းယန်နှင့် ဝိုင်းမော်မြို့နယ်များ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် (၂) နေရာအတွက် အင်ဂျန်းယန်နှင့် ချီဖွေမြို့နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီ အတွင်းရေးမှူး၊ အဆိုတော် ဦးဖောင်လားကမ်ဖန် ပြောသည်။

ဦးဖောင်လားကမ်ဖန်က “အစိုးရက ပေးတဲ့ အခွင့်အရေးပဲလေ။ ဒီလောက်လုပ်နိုင်မယ်တောင် ထင်မထားဘူး။ လုပ်နိုင်သလောက်ပဲ လုပ်သွားမှာပါ။”

UDPKS အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နာမည်စာရင်း ပြုစုထားပြီး ဖြစ်သော်လည်း ယနေ့ထိ တင်သွင်း နိုင်ခြင်း မရှိသေးကြောင်း သူကပဲ ယခုလို ဆက်ပြောသည်။

“ဗုဒ္ဒဟူးနေ့မှ နေပြည်တော် သွားမယ်၊ အစည်းအဝေးက လုပ်နေရတုန်း၊ ဒီနေ့ရော မနေ့ရော လွှတ်တော် ကိုယ်စားလှယ်လောင်းနဲ့ ပတ်သက်ပြီး စည်းဝေးနေတာ၊ ခုတော့ ပြီးပြီ၊ အဆင်သင့် ဖြစ်ပါပြီ။”

UDPKS ပါတီသည် ပါတီဝင်အင်အားစုမှာ ၉၀၀ ကျော် ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းနှင့် အတူ ပါတီဝင်အင်အားစုများကိုပါ တပါတည်း စာရင်းသွင်းမည်ဖြစ်ကြောင်း ပါတီအရာရှိများ ပြောသည်။

မြန်မာစစ်အစိုးရ၏ ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်နှင့် အမှတ် (၁) စက်မှုဝန်ကြီး ဦးအောင်သောင်း တို့မှ ကချင်ပါတီအသစ်တစ်ခု ထူထောင်ရန် အကြံပေး တိုက်တွန်းမှုအရ UDPKS ကို ထူထောင်ခြင်း ဖြစ်သည်။

ဤပါတီခေါင်းဆောင် ဒူဝါခက်ထိန်နန်နှင့် ပါတီအရာရှိ အားလုံးသည် အစောပိုင်းက မြန်မာစစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပါတီဝင်များ ဖြစ်ကြ သည်။

UDPKS သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇူလိုင် (၂၃) ရက်နေ့တွင် ပါတီမှတ်ပုံတင် လျှောက်ထားရာ (၁၀) ရက်အကြာ သြဂုတ် (၂) ရက်နေ့တွင် ရရှိခဲ့သည်။ ယခုချိန်ထိ UDPKS သည် တခုတည်းသော ရွေးကောက်ပွဲ ၀င်ခွင့် ရရှိသည့် ကချင်ပါတီလည်း ဖြစ်သည်။

စစ်အစိုးရနှင့် ပတ်သက်ဆက်နွယ်မှု မရှိသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ခွဲ-ကချင်ပြည်နယ် (Kachin Sub-state) တို့မှ ရွေးကောက်ပွဲ ၀င်ရန် လျှောက်ထားသည့် စုစုပေါင်း ကချင်ပါတီ (၃) ခုတို့မှာ ယခုချိန်ထိ ပါတီတည်ထောင်ခွင့် မရသေးပါ။

၎င်းတို့မှာ ယခင် ကချင်လွတ်မြောက်ရေး အဖွဲ့၏ ဒု-ဥက္ကဌ အဆင့် (၂) ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)၊ ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) နှင့် Kachin Sub-state မှ ရှမ်းပြည်နယ်မြောက်ပိုင်း တိုးတက်ရေးပါတီ (NSPP) တို့ဖြစ်သည်။

လာမည့် နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို သြဂုတ် (၁၆) မှ (၃၀) ကြား တင်သွင်းကြရန် သြဂုတ် (၁၃)၊ သောကြာနေ့တွင် စစ်အစိုးရက ထုတ်ပြန်ကြေငြာခဲ့သည်။

 

 

 

 

 

Most read this week