ချင်းပြည်နယ်တောင်ပိုင်း ကြွက် သောင်းကျန်းသဖြင့် ဒေသခံ အခက်တွေ့

ချင်းပြည်နယ်တောင်ပိုင်း ကြွက် သောင်းကျန်းသဖြင့် ဒေသခံ အခက်တွေ့
by -
ခွန်အောင်မြတ်

ချင်းပြည်နယ်တောင်ပိုင်းတွင် ကြွက်များအုပ်စုလိုက် ဒေသခံများ၏ တောင်ယာစိုက်ခင်းသီးနှံများကို စားသောက် ဖျက်ဆီး....

ချင်းပြည်နယ်တောင်ပိုင်းတွင် ကြွက်များအုပ်စုလိုက် ဒေသခံများ၏ တောင်ယာစိုက်ခင်းသီးနှံများကို စားသောက် ဖျက်ဆီးသဖြင့် မြို့နယ်သုံးမြို့နယ်မှ ကျေးရွာပေါင်းနှစ်ဆယ်ကျော်ရှိ ဒေသခံများ စားဝတ်နေရေးအတွက် အခက် အခဲ ကြုံတွေ့နေကြရသည်။

ချင်းပြည်နယ် ဟားခါး၊ ဖလန်း၊ မတူပီနှင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာ ပေါင်း ၂၀ ကျော်သည် ၀ါးသီး ၀ါးပွင့်များ သုဉ်းပြီး ကြွက်များက ကျေးရွာသားများ စိုက်ပျိုးထားသည့် သီးနှံပင်များကို စားသောက် ဖျက်ဆီးခြင်း ခံနေရ ကြကာ အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု ယင်းကိစ္စကို ကူညီဖြေရှင်းပေး နေသည့် ချင်းလူမှုအဖွဲ့များက ပြော သည်။

တောင်ယာများကို ကြွက်အုပ်စုလိုက် လာရောက် ဖျက်ဆီးသဖြင့် ပိုင်ရှင်များမှာ တောင်ယာကို ပစ်ထားပြီး နီးစပ် ရာ မြို့ကြီးများတွင် ကြုံရာအလုပ်ကို လုပ်ကိုင်နေကြရသည်ဟု ချင်းပြည်သူ့ရေးရာ ကော်မတီ ဒု တာဝန်ခံ ဦး မန်လိုင်းက ပြောသည်။

“အနီးအနားမှာရှိတဲ့ နီးစပ်တဲ့ကျေးရွာတွေ ပြီးတော့ မီဇိုရမ်မှာ ရွေ့ပြောင်းအလုပ်သမားတွေက ၀င်လာ တယ်လေ။ အဲဒီကနေ မီဇိုရမ်မှာလာပြီးတော့ ရှိသမျှ ကြမ်းတမ်းသမျှအလုပ်တွေကို လုပ်ပြီးတော့ အဲသလို ရတဲ့ငွေလေးနဲ့ပဲ သူတို့ ရွာကို လှူတယ်နော်။ ရွာဘက် ဆန်အစားအစာတွေကို လှူတယ်။ နောက်ပြီးတော့ တချို့လူတွေကတော့ မြို့မှာဆိုရင် တနေ့ကို တထောင်နှုန်းနဲ့ အလုပ်ကြမ်းတွေ လုပ် ကြတယ်တဲ့။ ကျန်တဲ့ဟာအပိုင်းတွေတော့ ကုန်တင်ကုန်ချတွေပေါ့ ပလက်ဝဆိုရင် စက်လှေတွေက အမြဲတမ်း ရခိုင်ကုန်သည်တွေ များတယ်ဆိုတော့ ကုန်တင်ကုန်ချ လုပ်ငန်းတွေ လုပ်ကြတယ်။ အဲဒါနဲ့ မိသားစုကို ကျွေးတယ်။”

ချင်းပြည်နယ်တောင်ပိုင်းသည် ၀ါးပင်များ ပိုမိုပေါများသဖြင့် ကြွက်ဒဏ်ကို ပိုခံရခြင်းဖြစ်သည်ဟု ဦးမန်လိုင်းက ပြောသည်။

“ကျနော်တို့ ချင်းပြည်မှာ များသောအားဖြင့် နှစ်ပိုင်းခွဲလိုက်လို့ရှိရင် အောက်ပိုင်းကျတော့ တောနက် တွေက ထင်းပင်မရှိတဲ့အတွက် များသောအားဖြင့် တရာမှာ ကိုးဆယ်ရာခိုင်နှုန်းလောက် ပလက်ဝ ဆိုရင် ၀ါးတောဖြစ်တယ်။ အဲဒီဝါးတောက တခါသီးပြီပွင့်ပြီဆိုရင် အနည်းဆုံး ငါးနှစ်လောက်မှ တောင် ယာကို ပြန်ခုတ်လို့ ရတယ်။ အဲလောက် အခြေအနေရှိတယ်။ အဲဒါထင်းတောနဲ့ ၀ါးတော မတူဘူး။ ပို ပြီးတော့ ရှင်းတယ်။ ပြီးတော့ အခုက ပြဿနာက ၀ါးတောရှိတဲ့နေရာမှာ ပိုပြီးတော့ ကြွက်တွေက ထကြွနေတာကို ကျနော်တို့ တွေ့နေရတယ်လေ။အဲဒါနဲ့ ပလက်ဝမြို့နယ်၊ မတူပီ တောင်ပိုင်းပေါ့၊ ပြီး တော့ ကန်ပလက်မြို့ တချို့ပေါ့နော် အဲဒီမှာ ပိုပြီးတော့ ဆိုးဝါးတယ်ဆိုတဲ့ဟာကတော့ ခုကျနော်ပြော သလို သူတို့ဘက်မှာဆိုရင် ၀ါးတောဖြစ်တဲ့အတွက် ကြွက်တွေ ပိုပြီးတော့ သောင်းကျန်းနေတာ ကျ နော်တို့ တွေ့ရတယ်။”

ကြွက်အုပ်လိုက်တောင်ယာသီးနှံများ စားသောက်ဖျက်ဆီးပုံကို ချင်းသတင်းဌာနတခုဖြစ်သည့် ခိုနူမ်းထုန် သတင်း ဌာန၏ အယ်ဒီတာ ကိုထက်နီက ယခုလို ပြောသည်။

“အုပ်လိုက်နဲ့ သူတို့က လူတွေစိုက်ပျိုးထားတဲ့သီးနှံတွေ ဘာတွေကို အကုန်ကိုက်စားတာ။အဲဒီ တောင် ယာ တဧကစာက သူတို့ကိုက်ပြီဆိုရင်တော့ တရက်ထဲနဲ့ သူတို့ကိုက်စားလို့ရတယ်။ အဲဒီ ကြွက်အုပ်တွေက အဲဒီနေရာ တချိန်တခါထဲဖြစ်တာ။ အဲဒါပြီးမှ ဘယ်ဒေသတွေမှာ ရွေ့မယ်ဆိုတာ ကျနော်တို့ မသိရသေးဘူး။ အုပ်လိုက်အုပ်လိုက်နဲ့ တနေရာကနေ တနေရာကိုပြောင်းတယ်။ကြွက်တအုပ်က အနည်း ဆုံးပြောရရင်တော့ လေးငါးရာလောက်ရှိတယ်။”

ချင်းပြည်သူအငတ်ဘေးနှင့် ရင်ဆိုင်နေကြသည်ကို နိုင်ငံတကာရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှင့် နိုင်ငံတ ကာရောက် ချင်းတိုင်းသားများအား အကူအညီပေးရန်အတွက် ပန်ကြားရန် စီစဉ်နေသည်ဟု ကိုထက်နီက ပြော သည်။

“အခု ကြွက်ပေါတဲ့နေရာတွေကို ကျေးရွာတွေ၊ တောင်ယာတွေ အဲဒါကို အသေးစိပ် ကျနော်တို့ ကောက်ခံ ပြီးတော့ ပေါ့လေ သူတို့အခက်အခဲတွေကို သူတို့ လိုအပ်ချက်တွေကို စုပြီးတော့ ပြည်ပမှာ ရောက်နေတဲ့ လူထုအသင်းအဖွဲ့တွေ၊ ပြီးတော့ ပြည်ပမှာရောက်နေတဲ့ ချင်းအဖွဲ့အစည်းနဲ့ တသီးပုဂ္ဂ တွေဆီကို ကျနော်တို့က အလှူခံပေးတာပေါ့နော်။ အခု အလှူခံပေးဖို့ ကျနော်တို့ စီစဉ်ထားတယ်။”

ကြွက်နှိမ်နင်းရေးနှင့် ရင်ဆိုင်နေရသည့် အငတ်ဘေးနှင့် အခြားအခက်အခဲများကိုဖြေရှင်းပေးရန် ပြည်တွင်းရှိ ချင်း တိုးတက်ရေးပါတီနှင့် တခြားလူမှုရေးအသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များလည်း ပံ့ပိုးကူညီမှုပေးရန် စီစဉ် နေသည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး ချင်းပြည်နယ် အနှံ့အပြားတွင် ၀ါးသီး၊ ၀ါးပွင့်ပြီးနောက် ကြွက် အုပ်စုလိုက် ထွက်လာပြီး စားရာမှ ဒေသခံတောင်ယာသီးနှံများကို စားသောက်ဖျက်ဆီးသဖြင့် ချင်းဒေသခံများ အစာရေ ငတ်ပြတ်မှု ပြဿနာများ ရင်ဆိုင်ခဲ့ရသည်။ ယင်းပြဿနာများ ကြုံတွေ့ နေကြသည့် လူထုများကို ပြည်တွင်းပြည်ပရှိ ချင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက စားဝတ်နေရေးနှင့် တခြားအကူ အညီများကို ပံ့ပိုးကူညီပေးခဲ့သည်။

 

 

 

 

 

 

Most read this week