မီးရထားလမ်း ဖောက်လုပ်ရေး ရပ်တန့်ရန် ရှမ်း လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

မီးရထားလမ်း ဖောက်လုပ်ရေး ရပ်တန့်ရန် ရှမ်း လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
by -
ခွန်အောင်မြတ်

ရှမ်းပြည်နယ်အတွင်း ဖောက်လုပ်နေသည့် မီးရထားလမ်းသည် ဒေသခံပိုင်ဆိုင်ထားသည့် လယ်မြေ ဧက ထောင် နှင့်ချီ အဓမ္မ အသိမ်းဆည်းခံရ....

ရှမ်းပြည်နယ်အတွင်း ဖောက်လုပ်နေသည့် မီးရထားလမ်းသည် ဒေသခံပိုင်ဆိုင်ထားသည့် လယ်မြေ ဧက ထောင် နှင့်ချီ အဓမ္မ အသိမ်းဆည်းခံရသည့်အပြင် စစ်အစိုးရ၏ စစ်ယန္တရား တိုးချဲ့ခြင်းသာ ဖြစ်သဖြင့် ချက်ခြင်း ရပ်တန့် ပေးရန် ရှမ်းလူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့များက တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)နှင့် ရှမ်းလူ့အ ခွင့်အရေးမဏ္ဍိုင်(SHRF) တို့က ပူးပေါင်းပြီး ရှမ်းပြည်တလွှား မြန်မာစစ်တပ် ထိုးဖောက်နေ သည့် မီးရထားလမ်း များ အစီရင်ခံစာ တစောင်ထုတ်ကာ ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတခုကို ယနေ့ စတင်လိုက်ခြင်းဖြစ် သည်။

ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN) အဖွဲ့မှ ပြောခွင့်ရသူ နန်းယိင်းဟန်ဖ က “ဒီရထားလမ်းဟာ ပြည်သူအတွက် အကျိုးမရှိဘူး၊ စစ်အစိုးရအတွက်ပဲ အကျိုးရှိတယ် ဆိုတာ ကျမ တို့ကနေ သုံးသပ်ပါတယ်။ ဒါကြောင့် ရပ်တန်းကနေ ရပ်ပေးဖို့၊ ပြည်သူလူထုတွေရဲ့ လယ်မြေ တွေ ကို ပြန်ပေးဖို့ တောင်းဆို ချင်ပါတယ်။” က ပြောသည်။

မိုးနဲ၊ ကျိုင်းတုံ ရထားလမ်းသစ်ဖောက်ရာ လမ်းကြောင်းတလျှောက်တွင် နေထိုင်သည့် ဒေသခံများ သည် လယ် ယာမြေများ အသိမ်းခံရသည့်အပြင် အခြား အခက်အခဲများနှင့်လည်းကြုံတွေ့ နေကြရ သည်ဟု (SWAN) အဖွဲ့မှ ပြောခွင့်ရသူ နန်းယိင်းဟန်ဖက ပြောသည်။

“အခု ဆိုးကျိုးတွေဆိုလို့ရှိရင် မိဘဘိုးဘွားတွေ ပိုင်တဲ့ လယ်မြေတွေ အသိမ်းခံရတာပေါ့နော်။ ဧက ပေါင်း ထောင်နဲ့ချီပြီးတော့အသိမ်းခံရတယ်။လယ်သမားတွေ အခုဆိုရင်အလုပ်လက်မဲ့ဖြစ်တယ်။ လယ် မရှိတော့ သူများခြံတွေမှာ သွားပြီးလုပ်စားရတယ်။ သူတို့ဝမ်းစာအတွက်ဆို ခါတိုင်းဆို လယ်တွေ ရှိတဲ့အတွက် တနှစ်စာအတွက် ဖူလှုံရတယ်လေ။ အခုတော့ လယ်မြေ အသိမ်းခံလိုက်ရတဲ့အတွက် ၀မ်းရေးအတွက်လည်း အခက်အခဲဖြစ်ရပါတယ်။”

ဒေသခံလယ်သမားများက သက်ဆိုင်ရာကို သွားရောက်တိုင်ကြားရာတွင်လည်း ရထားလမ်းဖောက် လုပ်ခြင်း သည် စစ်တပ်၏ လုပ်ငန်းစီမံချက်ဖြစ်ပြီး လက်မခံသူများကို ထောင်ချမည်ဟုပါ ခြိမ်းခြောက်သည်ဟု လှုပ်ရှား မှုအဖွဲ့က ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

“အဲဒီလမ်းလာဖောက် လာဆောက်တဲ့ စစ်သားတွေ၊ သူတို့မြန်မာပြည်က ခေါ်လာတဲ့ အလုပ်သမား တွေအတွက် ဆိုပြီးတော့ ပြည်သူလူထုကနေပြီးတော့ ရိက္ခာပို့ပေးရတယ်။ ရေလိုရင် ခပ်ပေးရတယ်။ ထင်းလိုရင် လုပ်ပေး ရတယ်။ သူတို့ဘာလိုတယ်ဆိုရင် အမိန့်ချလာတယ်၊ လမ်းညွှန်လာပြီဆိုရင် ပြည် သူလူထုက ဒါတွေကို လိုက်လုပ် ပေးရတယ်။ နေ့စာအတွက် ရှာဖို့ခက်တဲ့အချိန်မှာ ဒါလည်း ထပ်လုပ် ပေးရတယ်ဆိုတာ ပြည်သူလူထုက အခက်အခဲအများကြီးနဲ့ ကြုံတွေ့နေရပါတယ်။” ဟု နန်းယိင်းဟန်ဖ က ဆက်ပြောသည်။

စစ်အစိုးရက ယခုနှစ် ဖေဖော်ဝါရီကစ၍ အသစ်ထပ်မံဖောက်လုပ်နေသည့် ရှမ်းပြည် အရှေ့ပိုင်းသို့ ချိတ်ဆက် မည့် ၃၆၁ ကီလိုမီတာ ရှိသည့် ရထားလမ်းအသစ်သည် အပစ်ရပ်ထားသည့် ၀ ပြည် သွေးစည်းညီညွှတ် ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ နယ်မြေဖြစ်သဖြင့် ၀ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသနှစ်ခုကို စစ်ပရိ ယာယ်ဖြင့် ပိုင်းခြားလိုက်ခြင်းအပြင် စစ်လက်နက်ပစ္စည်းများ အဓိက သယ်ဆောင်ရန်ဖြစ်သည်ဟု ရှမ်းလူ့အ ခွင့်အရေးမဏ္ဍိုင်၏ သုသေသီ စိုင်းပင်ခမ်းက ပြောသည်။

“လွန်ခဲ့တဲ့ နှစ်တုန်းကလည်း သူတို့က တင့်ကားတွေ တင်ခဲ့တယ်လေ။ တင့်ကားတွေ တင်တော့ အာရှ လမ်းမမှာ လာလို့မရဘူး။ လာတဲ့အခါ လမ်းကမတ်စောက်နေတော့ တောင်တန်းပြိုပြီးတော့မှ ပိတ်နေတယ်လေ။ အဲဒါ ကြောင့် တင့်ကားတို့ အမြောက်တပ်ကြီးတွေ လာလို့ ခဲရင်းတယ်။ ဒါကို တင့်ကား တပ်မှူးတွေ တင်ပြချက် အရ ဒါကတော့ ကျနော်တို့ ကြားရတာပေါ့။ အဲဒါကို သယ်ဆောင်ဖို့ ကတော့ အခြားလမ်းကို ဖောက်ရမယ်ဆိုတာကို။ အဲလိုဖြစ်တော့ ဒီစစ်အစိုးရက တင့်ကားတွေ အမြောက် တပ်ကြီးတွေ သယ်ဆောင်လွယ်ဖို့ ရထားလမ်းကို ဖောက်လုပ် တယ်လို့ အဲလို သုံးသပ်လို့ ရတယ်။”

ယခုဖောက်လုပ်သည့် ရထားလမ်းအသစ်သည် အပစ်ရပ်အဖွဲ့ထဲမှ အင်အားအကြီးမားဆုံးဖြစ်သည့် (UWSA) နှင့် မဟာမိတ်အပစ်ရပ်အဖွဲ့နှင့် အခြားတိုင်းရင်းသားတော်လှန်ရေး အင်အားစုများကို ထိုးစစ်ဆင်လျှင် လက်နက် ကြီးနှင့် အခြားစစ်ရေး အထောက်အကူပြု ပစ္စည်းများကို ရထားလမ်းအသစ် ဖြင့် လျင်မြန်စွာ သယ်ယူပို့ဆောင် နိုင်မည်ဟု စိုင်းပင်ခမ်းက ဆက်ပြောသည်။

ရထားလမ်းကို အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ချင်းရိုင်ဒေသနှင့် ကပ်လျှက် မိုင်းခုတ် ကျောက်မီးသွေးမိုင်း များကို ဖြတ် သန်းဖောက်လုပ်မည်ဖြစ်သည်။ စစ်အစိုးရနှင့် ထိုင်းရင်းနှီးမြှပ်နှံသူများသည် ယင်းနယ်မြေ မှ သက်နု ကျောက်မီး သွေး တန်ချိန်သန်းချီ ထုတ်ယူနိုင်ရန်၊ ကျောက်မီးသွေးနှင့် လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ ရန်အတွက် ကျောက်မီးသွေးသုံး ဓာတ်အားထုတ်စက်ရုံ တည်ဆောက် ရန် စီစဉ်နေသည်ဟု အစီခံစာတွင် ပါရှိ သည်။

ကျောက်မီးသွေး မိုင်းတူးဖော်ရေး လုပ်ငန်းအတွက် ဒေသခံရွာသားများ ထောင်နှင့်ချီ၍ အတင်းအဓမ္မ ပြောင်းရွှေ့ ခံနေရသည့်အပြင် မိုင်းတွင်းကြောင့် ဒေသတွင်း သဘာဝ ပတ်ဝန်းကျင်နှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းသို့ ဖြတ်ဝင် စီးဆင်းနေသည့် နမ့်ကုတ်မြစ်တို့ကို ဆိုးဝါးသည့် ဓာတုအဆိပ်သင့်မှုများ ဖြစ်ပေါ်လာစေနိုင်သည်ဟု ဆိုသည်။

 

 

 

 

 

Most read this week