ကျောင်းရံပုံငွေ ကောက်ခံမှုကြောင့် ကျောင်းသားမိဘများ အခက်အခဲဖြစ်

ကျောင်းရံပုံငွေ ကောက်ခံမှုကြောင့် ကျောင်းသားမိဘများ အခက်အခဲဖြစ်
by -
ဇော်ကြီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းရံပုံငွေများ သီးသန့်ကောက်ခံနေသည့်အတွက် ကျောင်းသားမိဘများ အခက်အခဲဖြစ်....

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စာသင်ကျောင်းများတွင် ကျောင်းရံပုံငွေများ သီးသန့်ကောက်ခံနေသည့်အတွက် ကျောင်းသားမိဘများ အခက်အခဲ ဖြစ်နေကြသည်။

ကုက္ကိုတော ရပ်ကွက်အတွင်းရှိ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းဆရာ၊ဆရာမများက စာသင်ကျောင်း ဖွင့်ပြီး နှစ်လကျော်အတွင်း ကျောင်းရံပုံငွေဟု ဆိုကာ ငွေကြေး ကောက်ခံနေသည်ဟု ကျောင်းသား မိဘ တစ်ဦးက ယခုလိုိ ပြောသည်။

“ကျမတို့က ကလေးများတော့ တအားဒုက္ခရောက်တယ်ရော၊ ကလေးတွေ ကျောင်းနေရတာ။ ဒီနှစ်တောင်မှ မထားတော့ဘူး၊ ထုတ်မယ်လို့ကို အောက်မေ့နေတာ။ သမီးက အားလုံးပေါင်းထည့်ရမယ့်ဟာက ငါးထောင့် ခုနှစ်ရာတဲ့။ ငါးထောင့်ခုနှစ်ရာကို သုံးထောင် ထည့်ထားမယ် ဆိုတာကို မရဘူး။ အဲတာကြောင့် ကလေးတွေက ကျောင်းမှာ အရှက်ကွဲတဲ့ အခါကျတော့ မသွားရဲဘူး။ ပညာကို ပိုက်ဆံနဲ့ ၀ယ်ယူနေရတာ။”

ယခုနှစ် ဇွန်လပိုင်းက ကျောင်းများ စတင်ဖွင့်လှစ်ချိန်၌ ကျောင်းဝင်ကြေးနှင့် စာရေး ကိရိယာကြေး တစ်ဦးလျှင် ကျပ်ငွေ တစ်သောင်းကျော်နှင့် ကျောင်းသားလေးဦးအတွက် ငါးသောင်းကျော် ကုန်ကျခဲ့ပြီး ယခု ထပ်မံ ကောက်ခံခြင်း ဖြစ်သည်။

ထို့အပြင် ကုက္ကိုတောရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌လည်း ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ရံပုံငွေအဖြစ် ကျောင်းသား တစ်ဦးလျှင် ကျပ်ငွေ တစ်သောင်းနှုန်း ကောက်ခံနေသည်ဟု ဆက်ပြောသည်။

ယင်းကိစ္စ မှန်ကန်ကြောင်းနှင့် ရပ်မိရပ်ဖများ အပါအဝင် ကျောင်းကော်မတီနှင့် ရပ်ကွက် ကျေးရွာ တာဝန် ရှိသူများ အစည်းဝေး ဆုံးဖြတ်ချက်အရ ကောက်ခံခြင်း ဖြစ်သည်ဟု အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ဆရာမတစ်ဦးက ယခုလို ပြောသည်။

“ဒါက မိဘတွေနဲ့ ကျောင်းမှာ အစည်းအဝေး လုပ်ပြီးတော့ မိဘတွေ သဘောတူပြီးမှ ကောက်ထားတာပါ။ တချို့တွေက မိဖတွေက လာမတက်ကြဘူး။ အကုန်လုံး ခေါ်တဲ့ အချိန်၊ တချို့မိဖတွေ တက်တဲ့ဟာကျတော့ သူတို့ ဒီလိုကောက်ပေးဖို့ပဲ ပြောထားကြတယ်။”

ဒေသခံ အခြားကျောင်းသားမိဘ တစ်ဦးကလည်း ဗန်းမော်မြို့ ကန်တော်ရပ်ကွက်ရှိ အလယ်တန်းကျောင်းအား တွဲဖက်အထက်တန်းကျောင်း တိုးချဲ့ဆောက်လုပ်နိုင်ရန် ကျောင်းသားများထံ အလှူငွေ ကောက်ခံနေသည်ဟု ပြောသည်။

“ကျမတို့ ကလေးတွေ တက်တဲ့ ကျောင်းကတော့ အခု ကျောင်းဆောင် အသစ် ဆောက်နေလို့ ပိုက်ဆံနည်း နည်းပိုကုန်တယ်။ ကလေးတစ်ယောက်ကို အလှူငွေချည်းပဲကို သုံးထောင် ထည့်ရတာ။ အလှူငွေချည်း သတ်သတ်ပဲ အဲတာက။ စာအုပ်စာတမ်းကြေးတွေ ဘာမှ မပါဘူး။”

ဗန်းမော်မြို့ပေါ်၌ အထက်တန်းနှင့် အလယ်တန်းကျောင်း လေးကျောင်းစီ ရှိပြီး မူလတန်းကျောင်း ငါးကျောင်း ရှိသည်။

မြန်မာပြည် အနှံ့ရှိ စာသင်ကျောင်းများသည် ဒေသနှင့် ကျောင်းမတူညီမှုပေါ် မူတည်၍ ကျောင်းဝင်ကြေး ကောက်ခံမှု ကွဲပြားနေပြီး အထက်တန်းကျောင်းသား တစ်ဦးလျှင် ထည့်ဝင်ရသည့် ကျောင်းဝင်ကြေး ကျပ်ငွေ သုံးထောင်မှ ခြောက်ထောင်ကြား ရှိသည်ဟု သိရသည်။

အစိုးရအနေနှင့် ကျောင်းထိန်းသိမ်းရေးကိစ္စ အပါအဝင် ကျောင်းနှင့် ပတ်သက်သည့် ကုန်ကျစားရိတ်ငွေများကို ဘတ်ဂျက် သီးသန့်ထုတ်ပေးထားခြင်း မရှိသဖြင့် ယင်းအတွက် ကျောင်းသူကျောင်းသားများထံမှ ကောက်ယူနေရ သည်ဟု ရန်ကုန်ရှိ ပညာရေး အသိုင်းအဝိုင်းက ပြောသည်။

 

 

 

 

 

Most read this week