စစ်အစိုးရ ဗိုလ်တဲစခန်း ပစ်ခတ်မှု လူငါးဦးသေဆုံး

စစ်အစိုးရ ဗိုလ်တဲစခန်း ပစ်ခတ်မှု လူငါးဦးသေဆုံး
by -
ဇော်ကြီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်အစိုးရဗိုလ်တဲစခန်းတစ်ခု ပစ်ခတ်ခံရပြီး လူငါးဦးသေဆုံး...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်အစိုးရဗိုလ်တဲစခန်းတစ်ခု ပစ်ခတ်ခံရပြီး လူငါးဦးသေဆုံးခဲ့ သည်။

ယမန်နေ့ညနေက ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့ကပစ်ခတ်သည်ကို သေခြာစွာ မသိရသေးကြောင်း မြဝတီ မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“မနေ့ကညနေ ၅ နာရီလောက်မှာ အောက်ဗိုလ်တဲကိုပစ်ထည့်တာ။ နအဖ ဖက်က ငါးယောက်ကျသွား တယ်။ ဘယ်အဖွဲ့ရယ်လို့တော့ မသိဘူးပေ့ါ။ မောင်ချစ်သူအဖွဲ့က ငြိမ်းချမ်းရေးကိုလက်မခံတာရှိတယ်။ အဲဒီအဖွဲ့က ဖြစ်မလား၊ ဒါမှမဟုတ် ဗိုလ်မုတ်သုန် အဖွဲ့ကဖြစ်မလား၊ နုတ်ခမ်းမွေးအဖွဲ့ကဖြစ်မ လားမ သိဘူး။ အဲဒီနားမှာ သုံးပွင့်ဆိုင်ရှိနေ တယ်။ ဘယ်ကောင်ချထည့်လိုက်လဲ မသိဘူး။”

ယင်းကိစ္စမှန်ကန်ကြောင်း ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA တပ်ဖွဲ့ဝင်များ နှင့် နီးစပ်သူ မြဝတီမြို့ ခံတစ်ဦးက ယခုလို ပြောသည်။

“ကော့ကရိတ်ဖက်ကတော့ ငါးယောက်တော့ရှောတယ်တဲ့။ ဒါပေမယ့် ဘယ်သူဘယ်ဝါက ပစ်တယ်ဘာ ညာတော့ အတိအကျမသိသေးဘူးတဲ့။  အဲဒီမှာလည်း ရှုပ်ရှက်ခတ်နေ တယ်တဲ့။ ၀င်ဖို့လည်း မလွယ် သေးဘူးတဲ့။”

အဆိုပါ ဗိုလ်တဲမှာ ကော့ကရိတ်မှ မြဝတီမြို့သို့လာသည့်လမ်းတွင်ရှိပြီး ဗိုလ်မှူးချုပ် နေလင်းဦးစီးသည့် စကခ (၁၂)  လက်အောက်ခံတပ်ရင်းထိန်းချုပ်ရာဒေသဖြစ်၍ ကော့ကရိတ်မြို့နှင့်  ငါးမိုင်ခန့် အကွာတွင်တည်ရှိသည်။

တချိန်တည်းတွင် DKBA တပ်မဟာ(၅) လက်အောက်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူး မုတ်သုန်ဦးဆောင်၍ နယ် ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် လက်နက်အပ်နှံပွဲကို မိကျောင်းကုန်းရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် ယနေ့ ပြုလုပ် ရန်ရှိသည်ဟု သိရသည်။

ယင်းလက်မှတ်ထိုးပွဲနှင့် လက်နက်အပ်နှံပွဲသို့ စစ်ဖက်ရေးရာလုံခြံုရေး ညွန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီးရဲမြင့် ကိုယ်တိုင် တက်ရောက်ရန်ရှိသော်လည်း ဗိုလ်တဲစခန်းပစ်ခတ်ခံရမှု ကြောင့် ရောက်မလာနိုင်ခဲ့ဟု DKBA တပ်ဖွဲ့ နှင့်နီးစပ်သူက ယခုလို ပြောသည်။

“ဒီနေ့ဗိုလ်မုတ်သုန်အိမ်မှာနယ်ခြားစောင့်တပ်ဖွဲ့ဖို့လုပ်ပြီလေ။ စစ်သားအယောက်လေးငါးဆယ်လောက် ရှိတယ်။ သူတို့က ဘယ်သူ့ကိုစောင့်သလဲဆိုရင် ဗိုလ်ချုပ်ရဲမြင့်နဲ့ ဗိုလ်ချုပ်ခင်ဇော်ကိုစောင့်နေတာတဲ့။ ဒီနေ့ မတက်လာ ဖြစ်ဖူးတဲ့။ မနက်ဖြန်မှ တက်လာ မယ်တဲ့။ အခုလက်ရှိက သူ့အိမ်မှာ စစ်သားတွေရော အယောက် လေးငါးဆယ် လောက် ရှိတယ်။ အဖွဲ့စုံပေ့ါ။”

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိုလက်ခံလိုက်သည့် ဗိုလ်မှူးမုတ်သုန်သည် ဗိုလ်မှူး ချုပ်စောလားပွယ်ခေါ် ဗိုလ် နုတ်ခမ်းမွေးနှင့် ယောက္ဖတော်စပ်ပြီး တပ်ရင်းသုံးရင်းအား ထိန်းချုပ်ရသူလည်း ဖြစ်သည်။

ဗိုလ်မုတ်သုန်အနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်ခံလိုက်သော်လည်း တပ်မဟာ(၅) ခေါင်းဆောင် ဗိုလ်မှူးချုပ်စောလားပွယ်က ဆက်လက်ငြင်းဆန်နေဆဲ ဖြစ်သည်။

 

 

 

 

 

 

Most read this week