ချီဖွေတွင် ငေ့ါချမ်းခ ရေအားလျှပ်စစ် တည်ဆောက်ရန် တရုတ်-မြန်မာ စာချုပ်သစ် ချုပ်ဆို

ချီဖွေတွင် ငေ့ါချမ်းခ ရေအားလျှပ်စစ် တည်ဆောက်ရန် တရုတ်-မြန်မာ စာချုပ်သစ် ချုပ်ဆို

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ချီဖွေလောခေါင်ဒေသတွင် ငေါ့ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းသစ်တစ်ခု တည်ဆောက်ရန်  စစ်အစိုးရနှင့် တရုတ်အစိုးရတို့ သဘောတူ...

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ချီဖွေလောခေါင်ဒေသတွင် ငေါ့ချမ်းခ ရေအားလျှပ်စစ် စီမံကိန်းသစ်တစ်ခု တည်ဆောက်ရန်  စစ်အစိုးရနှင့် တရုတ်အစိုးရတို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

မြန်မာစစ်အစိုးရ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ၀န်ကြီးနှင့် တရုတ်အစိုးရတို့မှ ငေါ်ချမ်းခ ရေအား လျှပ်စစ် စီမံကိန်းကို တိုးချဲ့လုပ်ဆောင်ရန် ဇူလိုင်၂၃ ရက်နေ့၌ နေပြည်တော်တွင်  သဘောတူ စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် ရေကာတာ အကျိုးဆက်ကြောင့် ကချင်ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များ ကန့်ကွက်ငြင်းဆန်နေသည့်ကြားမှ ထပ်မံ၍ ငေါ့ချမ်းခချောင်းပေါ် အဆင့် ၅ ဆင့်ဖြင့် ရေကာတာ တည်ဆောက်သွားရန် အကောင်အထည် ဖော်လိုက်သည်။

ယင်းငေ့ါချမ်းခသည် ချီဖွေလောခေါင် အရှေ့ဖက်ပိုင်း ဖီမောဒေသတွင် တည်ရှိပြီး မေခမြစ်ထဲ စီးဝင်သည့် မြစ်ဖြစ်၍ ၎င်း၌ ရေအားလျှပ်စစ်ဓါတ်အား ၁၀၅၅ မဂ္ဂါဝပ် ထွက်ရှိမည့် စီမံကိန်း ဖြစ်ကာ ထွက်ရှိသော မီးများကို တရုတ်ပြည် ယူနန်ပြည်နယ်တွင် အဓိက ပေးမည် ဖြစ်သည်။

ငေါ်ချမ်းခမြစ်တွင် ရေကာတာ ဆောက်မည် ဆိုလျင် အနီးတဝိုက် ဒေသခံများ လုပ်ကိုင်စားသောက်မှုများ ထိခိုက်နိုင်သည်ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်မှ ဦးအောင်ဝါ ပြောသည်။

“မေခမှာ ဆုံတဲ့ မြစ်ဖြစ်တဲ့အတွက် မြစ်ရဲ့ အထက်မှာ ရေကာတာ ဆောက်မယ်ဆိုရင် အနီးတဝိုက် ပတ်ဝန်းကျင် ထိခိုက်မှာ ဖြစ်သလို အဓိက စိုက်ပျိုးရေး လုပ်ကိုင်နေသူတွေနဲ့ မြစ်ကို မှီခိုပြီး တံငါလုပ်ငန်း လုပ်ကို်င်နေတဲ့ ဒေသခံတွေ အတွက် ထိခိုက်သွားမယ်” ဟု ပြောသည်။

ယခုချိန်တွင်လည်း ငေ့ါချမ်းခမြစ်ရေ အနီးတဝိုက် ဖီမော်သတ္တုတွင်း တူးဖော်နေခြင်းကြောင့် ၎င်းမှ ဆေးကြော လိုက်သည့် ရေသည်  ငေ့ါချမ်းခမြစ်အတွင်း စီးဝင်သောကြောင့် တံငါသည်များအတွက် အလုပ်ထိခိုက်စေပြီး မြစ်ထဲမှ ငါးဖမ်းစားသည့် ဒေသခံများအတွက် အန္တရာယ် ရှိနိုင်ပြီး တံငါသည် များ၏ အလုပ်လည်း ထိခိုက် နေသည်ဟု သိရသည်။

ကချင်ပြည်နယ် တစ်ခုတည်းတွင် ရေကာတာ စီမံကိန်း စုစုပေါင်း ၁၄ ခုကို တရုတ်အစိုးရနှင့် မြန်မာစစ်အစိုးရမှ ပူးပေါင်းတည်ဆောက်နေပြီး မေခမြစ်တွင် ၁ ခု၊ မလိခမြစ်တွင် ၁ ခု၊ တခေါခမြစ်တွင် ၂ ခု၊ ခုငေါ့ချမ်းခမြစ်တွင် ၅ ခု တည်ဆောက်နေသည်။

Most read this week