ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ ပညာစာရ စစ်တွေတွင် ဖမ်းဆီး ထိန်းသိမ်းခံ

ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီ ပညာစာရ စစ်တွေတွင် ဖမ်းဆီး ထိန်းသိမ်းခံ

ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ ဦးပညာစာရကို ယမန်နေ့က အာဏာပိုင်များက စစ်တွေတွင် ဖမ်းဆီး....

ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ ဦးပညာစာရကို ယမန်နေ့က အာဏာပိုင်များက စစ်တွေတွင် ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ရဟန်းတပါးက “ သူ့ရဲ့ကျောင်းမှာ အကျိုးဆောင် လုပ်နေတဲ့ မာတေဇာ အန်ဂျီအိုက တာဝန်ရှိသူ တချို့နဲ့ ပြဿနာ ဖြစ်ရာကနေ စွဲချက်အမျိုးမျိုးနဲ့ တိုင်းတာကြောင့် မနေ့က အရှင် ပညာစာရကို ရဲက လာရောက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ အခုသူ့ကို စစ်တွေ အမှတ် (၁) ရဲစခန်းမှာ ဖမ်းဆီး ချုပ်နှောင်ထားပါတယ်” ဟု ပြောသည်။

ဦးပညာစာရသည် ရခိုင်သမိုင်းသုတေသီ တဦးဖြစ်သည့် အပြင် စစ်တွေမြို့ အာကျိတ်တော်ကုန်းတွင် တည်ရှိသော မဟာမုနိ ဗုဒ္ဓဝိဟာ မိဖမဲ့ ကလေး ဂေဟာကျောင်း၏ ဦးစီးနာယက ဆရာတော်လည်း ဖြစ်သည်။

“ဦးပညာစာရအား မာတေဇာ အန်ဂျီအိုက လူတွေက စွပ်စွဲ တရားစွဲဆိုတဲ့ နေရာမှာ မာတုကာမတွေနဲ့ ဖေါက်ပြန် တယ်ဆိုတဲ့ စွဲချက်တွေလည်း ပါတယ်လို့ ကြားရပါတယ်။ ပီးတော့ တခြား ကျောင်းကိစ္စတွေ၊ ငွေကြေးကိစ္စ တွေလည်း ပါ၀င်တယ်လို့ ကြားရပါတယ်။ အချင်းချင်း မပြေလည်ရာကနေ ခုလိုထိ ဖြစ်သွားရတာ ဖြစ်ပါတယ်” ဟု အဆိုပါ ရဟန်းက ဆက်လက် ပြောကြားသည်။

ဦးပညာစာရအား တရားစွဲဆိုသူမှာ မာတေဇာ အန်ဂျီအိုမှ အကျိုးဆောင် ကျောင်းကော်မီတီ တာဝန်ခံ ဦးအောင်ဝင်းကျော် ဖြစ်ကြောင်း သိရသည်။

တခြားစစ်တွေမြို့မှ လူကြီး တဦးကလည်း “ ဦးပညာစာရကို မနေ့က ဖမ်းသွားတယ်လို့ သိရပါတယ်။ ခုလို ရဟန်းတော် တပါးကို ဖမ်းဆီးတဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ် သံဃာ့နာက အဖွဲ့က ခွင့်ပြုချက်ပါတယ် - မပါဘူး ဆိုတာတော့ မသိရသေးဘူး။ တိုင်ကြားတာနဲ့ အဖွဲ့ပေါင်းစုံက သွားရောက် ဖမ်းဆီးတာ ဖြစ်တယ်လို့ သိရပါတယ်။ အခြေအနေက ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ ဒီကနေ့ ညနေထိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဦးပညာစာရ ဖွင့်လှစ်ထားသော မိဘမဲ့ ကလေးဂေဟာတွင် ကျောင်းသား ၁၀၀ နီးပါးခန့်ရှိပြီး အဆိုပါ ကျောင်းသားများအတွက် မာတေဇာ အန်ဂျီအိုမှ လာရောက် အကျိုးဆောင်ပေးနေကြောင်း သိရသည်။

ယခုအခါ ဦးပညာစာရအား လူဝတ်လဲလိုက်ပြီလား၊ မလဲဘဲ ချုပ်နှောင်ထားသလားဆိုတာ သဲသဲကွဲကွဲ မသိရသေးကြောင်း စစ်တွေမြို့မှ ပေးပို့သော သတင်းတွင် ဖေါ်ပြထားသည်။

Most read this week