ကချင်ပြည်နယ် ဥရုချောင်းတံတား ကျိုးသွားရာမှ ကား၊ ဆိုင်ကယ်များ ရေထဲမျှောပါ

ကချင်ပြည်နယ် ဥရုချောင်းတံတား ကျိုးသွားရာမှ ကား၊ ဆိုင်ကယ်များ ရေထဲမျှောပါ

မြန်မာနိုင်ငံ ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေကြီးပြီး  တစ်ခုတည်းသောဗေလီတံတား ကျိုး...

မြန်မာနိုင်ငံ ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေကြီးပြီး  တစ်ခုတည်းသောဗေလီတံတား ကျိုးခဲ့ရာမှ လူ ၅ ယောက်ထက်မနည်း သေဆုံးမှု ရှိခဲ့သည်။

ကျောက်ကျဉ်းမှော်သို့သွားရန် အဓိကဖြတ်ကူးရသည့် ၄င်းဗေလီတံတားသည် ဇူလိုင် ၂၆ရက် တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီခွဲတွင် ဥရုချောင်း ရေလျှံလာသောကြောင့် တံတားအလယ်မှ ကျိုးပျက်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။

“တံတားကတော့ အလယ်ကနေ ထက်ပိုင်းကျိုးသွားတယ်လေ၊ သေသွားတဲ့ အလောင်းတွေ ဖော်နေတယ်၊ တစ်လောင်းမှ ဖော်လို့မရသေးဘူး၊ အထဲမှာ ကားနဲ့ ဖိထားတယ်” ဟု ဖားကန့်မြို့ခံတစ်ဦး ပြောသည်။

တံတားပေါ်ဖြတ်ကူးနေသည့် မြေစာတင် ၁၀ ဘီးကား တစ်စီး၊ ကုန်တင်ကား တစ်စီး၊ ဆိုင်ကယ် သုံးစီးနှင့် တံတားပေါ်လမ်းလျှောက်နေကြသည့် လူ သုံး လေးဦးသည် ကျိုးကျစဉ် ရေထဲမျှောပါသေဆုံးသွားခဲ့သော်လည်း အသေအပျောက်ဦးရေ တိတိကျကျ မသိရှိရပေ။

သက်ဆိုင်ရာ အာဏာပိုင်များမှ ဆက်လက်ရှာဖွေနေကြောင်းသိရသည်။

ယင်းဗေလီတံတားသည် ဖားကန့် ကျောက်စိမ်း ရောင်းဝယ်ရေးတွင် အဓိက အရေးပါသည့် တံတားဖြစ်ပြီး ဥရုချောင်း တစ်ဖက်တစ်ချက်ရှိ ဌက်ပျောတောရပ်ကွက်နှင့် မရှီကထောင် ရပ်ကွက် တို့ကို ဆက်သွယ်ထားသည့် ပေါင်းကူးတံတားဖြစ်သည်။

ယခုချိန်တွင် စက်လှေဖြင့်သာ ဖြတ်သန်းသွားလာနေရာမှ ဆွေးနေပြီး အသုံးမပြုတော့သည့် ကြိုးတံတားကို တစ်ဖန်ပြန်လည် အသုံးပြုနေရသည်။

“စက်လှေတွေနဲ့လည်း ကူးသွားလို့ရတယ်၊ ကြိုးတံတားကနေ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးနေကြတယ်၊ ဒါမဲ့ ဆိုင်ကယ်တော့ တစ်ပြိုင်နက် နှစ်စီး သုံးစီပဲ ဖြတ်လို့ရတယ်” ဟု ဖားကန့် ဒေသခံအမျိုးသမီးတစ်ဦး ပြောပြသည်။

မိုးရေကြောင့် ဥရုချောင်း ရေကြီးပြီး အခုလိုလူနေအိမ်များ ရေလွှမ်းခံနေရပုံ။ ဓါတ်ပုံ - ကချင်သတင်းဌာန

ယခုလ ၁၃ရက်နေ့မှစတင်ကာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ရေလျှံလာပြီး ဌက်ပျောတော၊ မရှီကထောင်၊ ဆိုင်းတောင်၊ အေးမြသာယာ အစရှိသည့် ရပ်ကွက်များ ရေလွှမ်းသွားရာ နေအိမ်အချို့ ရေထဲ နစ်မြုပ်မျှောပါသွားခဲ့သည်။

နှစ်စဉ် မိုးဥတုတွင် ရေကြီးမှုဖြစ်ပေါ်နေသည့်  ဥရုချောင်းသည် တစ်နှစ်ထက်တစ်နှစ် ရေလွှမ်းမိုးမှု ဆိုးရွား လာသည်။ ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများမှ မြေစာများကို ချောင်းတွင်းသို့ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်မှု များလာသောကြောင့် ရေနစ်မြုပ်ကာ လူ အသေအပျောက် ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

ဖားကန့်မြို့တွင် ယနေ့ နံနက်ပိုင်းမှ ရေအနည်းငယ်ပြန်ကျနေသည်ဟု ဒေသခံတွေမှ သိရသည်။

Most read this week