ရွှေတိဂုံ စေတီတော် အနီးရှိ ဘုန်းကြီးကျောင်း သုံးကျောင်းမှ သံဃာများကို ကျောင်းမှ အတင်း ဆင်းခိုင်း

ရွှေတိဂုံ စေတီတော် အနီးရှိ ဘုန်းကြီးကျောင်း သုံးကျောင်းမှ သံဃာများကို ကျောင်းမှ အတင်း ဆင်းခိုင်း
by -
မောင်အေး
ရန်ကုန်မြို့ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် အနီးရှိ ရခိုင်ဘုန်းတော်ကြီး ကျောင်းတကျောင်း အပါအဝင် ဘုန်းတော်ကြီး ကျောင်းသုံးကျောင်းမှ သံဃာတော်များကို ယခုလ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းမှ ဆင်းပေးရန် ရန်ကုန်တိုင်းသံဃာ့ နာယကရုံးမှ အမိန့်စာ ထုတ်ပြန်...

ရန်ကုန်မြို့ ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် အနီးရှိ ရခိုင်ဘုန်းတော်ကြီး ကျောင်းတကျောင်း အပါအဝင် ဘုန်းတော်ကြီး ကျောင်းသုံးကျောင်းမှ သံဃာတော်များကို ယခုလ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းမှ ဆင်းပေးရန် ရန်ကုန်တိုင်းသံဃာ့ နာယကရုံးမှ အမိန့်စာ ထုတ်ပြန် လိုက်သည်ဟု သတင်း ရရှိသည်။

အဆိုပါ ကျောင်းသုံးကျောင်းမှာ ရခိုင်ရဟန်းတော်များ သီးတင်းသုံးသည့် ဒေါ်စံလှ ပိဋကတ် ကျောင်းတိုက်နှင် ့ တခြား မြန်မာ ရဟန်းတော်များ သီတင်းသုံးနေသည့် ရွှေဟင်္သာ ပိဋတ်ကျောင်းတိုက်နှင့် ရွှေပိဋိကတ် ကျောင်းတိုက်တို့ ဖြစ်ကြသည်။

ရဟန်းတော်များကို ကျောင်းမှ ဆင်းပေးရန် အမိန့်ထုတ်ခြင်းမှာ အဆိုပါ ဘုန်းတော်ကြီး ကျောင်း သုံးကျောင်းကို လက်ရှိ တည်ရှိရာ နေရာမှ ဖယ်ရှားလို၍ ဖြစ်ကြောင်း ရခိုင်ရဟန်းတော် တပါးက နိရဥ္စရာသို့ မိန့်ကြားသည်။

"ဒီကျောင်းတွေ ဆောက်လုပ် ထားတဲ့နေရာဟာ ဘုရားပိုင် မြေဖြစ်တယ်။ ဒါကြောင့် ဖယ်ပေး ရမယ်ဆိုပြီး ဇွန်လ ၁၈ ရက်နေ့က သက်ဆိုင်ရာက လာပြောတယ်။ ဦးဇင်းတို့ ကျောင်းသုံး ကျောင်းလုံးက သံဃာတွေ စုပေါင်း လက်မှတ်ထိုးပြီးတော့ အခုက မိုးရာသီဖြစ်တယ်။ နောက်ပီး ၀ါဆိုမယ့် အချိန်နဲ့လည်း အလွန် နီးနေတဲ့ အတွက် မိုးလွန်မှ ကျောင်းမှ ဆင်းပေးမယ်ဆိုပြီး အသနားခံစာ တင်တယ်။ ဇွန်လ ၃၀ နေ့မှာ တခါ သက်ဆိုင် ရာက စာရောက်လာတယ်။ ထပ်ပြီး ဦးဇင်းတို့က သာသနာရေး ၀န်ကြီး ဌာနရယ်။ တိုင်းမှူးရယ် ပြီးတော့ ကမ္ဘာအေး ဂေါပကအဖွဲ့ကို အသနား ခံခဲ့တယ်။ ဒါပေမဲ့ မနေ့က လာပေးတဲ့ ရန်ကုန်တိုင်း သံဃာ့နာယကရုံးရဲ့ စာမှာတော့ ဒီလ ၂၅ ရက်နေ့ ညနေ ၄ နာရီခွဲကို နောက်ဆုံး ထားပြီး ဆင်းပေးရမယ်လို့ ပါတယ်။ ဦးဇင်းတို့လည်း ဘာလုပ်ရမှန်းမသိ ဖြစ်သွားရပါတယ်" ဟု ပြောသည်။

ဖြိုဖျက်ခံရမည့် ဘုန်းတော်ကြီးကျောင်း အနီးအနားရှိ လူနေအိမ် လေးငါးဆောင်ကိုလည်း ဖြိုဖျက်ရန် ညွန်ကြားထားကြောင်း သိရှိရသည်။

လွန်ခဲ့သည့် အင်္ဂါနေ့က ရန်ကုန်တိုင်း သံဃာနာယကရုံးမှ တာဝန်ရှိသူများက ကျောင်းများနှင့် ဖြိုဖျက် ခံရမည့် နေအိမ်ပိုင်ရှင်များကို အစည်းအဝေး ခေါ်ယူပြီး မိသားစု တခုလျှင် လျှော်ကြေးငွေ သိန်း ၃၀ ပေးရန်နှင့် ကျောင်းများ ကိုလည်း မိသားစုတစု အဖြစ်သတ်မှတ်ကာ ကျပ်သိန်း ၃၀ ပေးမည် ဟု ဆိုကာ ကျောင်းများမှ ဆင်းပေးရန် အတင်း လက်မှတ်ထိုးခိုင်းခဲ့သည်ဟု အဆိုပါ ရဟန်းတော်မှ ပြောကြားသည်။

လက်မှတ်ရေးထိုးပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်း သံဃာ့ကောင်စီမှ ယခုကဲ့သို့ ဇူလိူင်လ ၂၅ ရက်နေ့ကို နောက်ဆုံးထားပြီး ကျောင်းမှ ဆင်းပေး ရန် စာထွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

"အခု ဦးဇင်းတို့ တစုတစည်းတည်း ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး အသီးသီးခွဲပြီးတော့ နီးစပ်တဲ့ နေရာတွေမှာ ၀ါဆိုရတော့မယ်။ ရန်ကုန်မှာ ဆက်နေနိုင်တဲ့ပုဂ္ဂိုလ်က ရန်ကုန်မှာနေ၊ မနေနိုင်တဲ့ ပုဂ္ဂိုလ်တွေက နယ်ကို သွားပြီး ၀ါဆိုဖို့ စီစဉ်ကြရတော့မယ်။ ဒုက္ခကတော့ ပြောမကုန်နိုင်ဘူး။ လမ်းဘေးကို ရောက်သွားမဲ့ အနေထားရောက်နေပြီ။" ဟု နောက်ထပ် ရဟန်းတော် တပါးကလည်း ပြောသည်။

ယခုအခါ မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များတွင် ၀ါဆို ရဟန်းတော်များနှင့် ပြည့်နှက် နေပြီဖြစ် သဖြင့် ယခုကျောင်းမှ ဆင်းပေး ရမည့် သံဃာတော်များ အနေဖြင့် ၀ါတွင်းကာလ သီတင်း သုံးမည့် ကျောင်းရရှိရန် အခက်အခဲများ ကြံုတွေ့နိုင်ကြောင်း ရဟန်းတော် သတင်း ရပ်ကွက် အရ သိရှိရသည်။

Most read this week