မြန်မာ့ သစ်များကို ဖမ်းဆီးသဖြင့် တက်ကနက် ကုန်သွယ်ရေး ဆိပ်ကမ်းတွင် ၁၈ နာရီကြာ ဆန္ဒပြပွဲ ပေါ်ပေါက်

မြန်မာ့ သစ်များကို ဖမ်းဆီးသဖြင့် တက်ကနက် ကုန်သွယ်ရေး ဆိပ်ကမ်းတွင် ၁၈ နာရီကြာ ဆန္ဒပြပွဲ ပေါ်ပေါက်
ဘင်္ဂလာဒေချ့် နိုင်ငံ တက်ကနက် နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းတွင် မြန်မာနိုင်ငံသားများနှင့် ၎င်းတို့ တင်သွင်းလာသော သစ်များကို ဖမ်းဆီးသဖြင့် တနင်္လာနေ့က ၁၈ နာရီကြာ ဆန္ဒပြပွဲ တရပ်ပေါ်ပေါက်....

ဘင်္ဂလာဒေချ့် နိုင်ငံ တက်ကနက် နယ်စပ် ကုန်သွယ်ရေး ဆိပ်ကမ်းတွင် မြန်မာနိုင်ငံသားများနှင့် ၎င်းတို့ တင်သွင်းလာသော သစ်များကို ဖမ်းဆီးသဖြင့် တနင်္လာနေ့က ၁၈ နာရီကြာ ဆန္ဒပြပွဲ တရပ်ပေါ်ပေါက်ခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကြောင့် တက်ကနက် ဆိပ်ကမ်းတွင် ကုန်တင် ကုန်ချ လုပ်ငန်းများ အားလုံး ရပ်တန့်သွားခဲ့ကြောင်း ဆိပ်ကမ်းတွင် ရောက်ရှိ နေသော မြန်မာနိုင်ငံသား တဦးက ပြောသည်။

“မနေ့က တနေ့လုံး ဘင်္ဂလာဒေချ့် စီးပွားရေး သမားတွေက မြန်မာနိုင်ငံသား ၉ ဦးနဲ့ သစ်မော်တော်ဘုတ်ကို ဘင်္ဂလာဒေချ့် ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးတဲ့ အပေါ် မကျေနပ်တဲ့ အတွက်ဆန္ဒပြခဲ့ကြပါတယ်။ ကမ်းခြေစောင့် တပ်ဖွဲ့ ပြန်လည် လွှတ်ပေးမယ်ဆိုတဲ့ အတွက် ညနေ ၄ နာရီမှဘဲ ဆန္ဒပြတာကို ရုတ်သိမ်း သွားကြပါတယ်။ ကုန်တင် ကုန်ချ လုပ်ငန်းတွေ အကုန်လုံး ရပ်တန့်သွားပါတယ်” ဟု သူက ပြောသည်။

လွန်ခဲ့သော တနင်္ဂနွေက မြန်မာနိုင်ငံမှ သစ်များ တင်ဆောင်လာသော မော်တော်ဘုတ် တစီးကို အုန်းကျွန်းမှ တက်ကနက်မြို့သို့ အဝင်တွင် နတ်မြစ်ထဲတွင် ဘင်္ဂလာဒေချ့် ကမ်းခြေစောင့် တပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

“ဘုတ်ပေါ်မှာ မြန်မာနိုင်ငံက အရက်နဲ့ ဘီယာတွေ ပါလာတယ်ဆိုပီး လူတွေကိုရော ဘုတ်ကိုပါ ဖမ်းပါတယ်။ ဘုတ်ပေါ်မှာ ပါလာတဲ့ သစ်တန်ချိန် ရ၀ ကိုလည်း ကမ်းခြေစောင့် တပ်ဖွဲ့က သိမ်းပါတယ်။ ပီးရင် လူတွေကို တက်ကနက် ရဲစခန်းကို လွဲပေးလိုက်ပါတယ်။ အဲသလို ဖမ်းဆီးတာကို မကျေနပ်တဲ့ အတွက် ဘင်္ဂလီ စီးပွားရေး သမားတွေက တက်ကနက် ဆိပ်ကမ်းမှာ အလုပ် မလုပ်ဘဲ ၁၈ နာရီကြား ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

တက်ကနက် ဆိပ်ကမ်းတွင် စုပုံထားသော မြန်မာ့သစ်များ

ယခုကဲ့သို့ မြန်မာနိုင်ငံသားများနှင့် သစ်ဘုတ်ကိုပါ ဖမ်းဆီး၍ နယ်စပ် စီးပွားရေးကို နောင် အနာဂတ်တွက် ထိခိုက်နိုင်သဖြင့် ဘင်္ဂလီ စီးပွား သမားများက မြန်မာ နိုင်ငံသားများနှင့် ဖမ်းဆီးထားသော သစ်ဘုတ်ကို အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် တောင်းဆိုး ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

တခြား မြန်မာနိုင်ငံသား ကုန်တင် ကုန်ချ အလုပ်သမား တဦးက “ကျွန်တော်တို့ မနေ့က တနေ့လုံး အလုပ်မဆင်းရဘူး။ ခုလို မြန်မာနိုင်ငံသား တွေကို ဖမ်းတဲ့ ကိစ္စကြောင့် ဖြစ်ပါတယ်။ နောက်တော့ ကမ်းခြေစောင့်တပ်ဖွဲ့က တရားမစွဲတော့ ဘူး။ ပြန်လွှတ်ပေးမယ်ဆိုတဲ့ အတွက် အခုတော့ အခြေအနေ အေးအေး ဆေးဆေး ဖြစ်သွားပါပြီ” ဟု ပြောသည်။

ဘင်္ဂလာဒေချ့် တက်ကနက် ဆိပ်ကမ်းမှာ မြန်မာနိုင်ငံ တရားမဝင် တင်သွင်းလာသော ပစ္စည်းများကိုရော တရားဝင် တင်သွင်းသော ပစ္စည်းများ ကိုပါ လက်ခံ ၀ယ်ယူနေသော ဆိပ်ကမ်းတခု ဖြစ်ပြီး အဆိုပါ ဆိပ်ကမ်းကြောင့် ဘင်္ဂလာဒေချ့်နိုင်ငံ စီးပွားရေး သမားများ အထူး အကျိုးဖြစ်ထွန်း နေကာ အစိုးရ အနေဖြင့်လည်း နှစ်စဉ် ၀င်ငွေ တာကာ ကုဋေချီ၍ ရရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မော်တော်ဘုတ်များနှင့် သင်္ဘောများ မဝင်ရောက်ပါက စီးပွားရေးကို အထူး ထိခိုက်နိုင်သဖြင့် ယခုကဲ့သို့ မြန်မာနိုင်ငံသားများကို ဖမ်းဆီးမူ အပေါ် ဘင်္ဂလားဒေချ့် စီးပွားရေး သမားများက မလိုလားကြောင်း သိရသည်။

ယခုဖမ်းဆီးခံရသော မော်တော်ဘုတ်မှာ စစ်တွေဖြစ်ပြီး ဧရာဝတီတိုင်း ဘောမိချောင်းမှ သစ်များကို တရားမဝင် တင်ဆောင်လာစဉ် နတ်မြစ်ဝတွင် ဘင်္ဂလာ ကမ်းခြေစောင့် တပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

Most read this week