နယ်စပ် ကော့သောင်းမြို့တွင် ထိုင်း စားသောက်ကုန်များ ဖမ်းဆီး

နယ်စပ် ကော့သောင်းမြို့တွင် ထိုင်း စားသောက်ကုန်များ ဖမ်းဆီး
by -
ဇော်ကြီး
ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှတင်သွင်းလာသည့် တရားမဝင် စားသောက် ကုန်ပစ္စည်း များကို ဒေသခံအာဏာပိုင်တို့က ယနေ့နံနက်တွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်....

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံမှတင်သွင်းလာသည့် တရားမဝင် စားသောက် ကုန်ပစ္စည်း များကို ဒေသခံအာဏာပိုင်တို့က ယနေ့နံနက်တွင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်သည်။

ကော့သောင်းမြို့နယ် မရက ဥက္ကဌဦးစီး၍ ပြည်ထဲရေး ၀န်ကြီးဌာနလက်အောက်ရှိ ဌာနပေါင်းစုံ အဖွဲ့က ယနေ့ နံနက် ရှစ်နာရီ အချိန်ခန့်တွင် မြို့ထဲရှိ ဆိုင်ကြီးများ၌ တင်ရောင်းနေသည့် တရားမဝင် စားသောက်ကုန် ပစ္စည်း များအား လိုက်လံစစ်ဆေး ဖမ်းဆီးခဲ့သည်ဟု မြို့ခံကုန်သည် တစ်ဦးက ယခုလိုပြောသည်။

“ခုမနက် ၈နာရီလောက်မှာ ကော့သောင်းမြို့က အကြီးဆုံးအရက်ဆိုင်တွေ ပေ့ါနော်။ အဲဒီဆိုင်တွေ ၀င် ပြီးတော့ ပစ္စည်းတွေသိမ်းလိုက်တယ်။ အဓိကကတော့ အရက်ရယ်၊ ဖျော်ရည်ရယ် စားဆီတို့ ဘာတို့ ပေ့ါနော်။ ဂျူတီ မလွတ်တဲ့ ပစ္စည်းတွေပေ့ါ။ ပြီးတော့ ဒုတိယတစ်ခါ စမ်းလိုက်တဲ့ ဆိုင်နှစ်ဆိုင်ရယ်။ အ ခုတော့ တမြို့လုံးနီနီးသူတို့လိုက်ပြီးတော့ ဒီ့ပြင်ဆိုင်တွေလိုက်ပြီးတော့ ဖမ်းနေတယ်။”

ယမန်နေ့ည ရှစ်နာရီအချိန်ခန့်က မြို့နယ်အာဏာပိုင်အဖွဲ့များမှ တာဝန်ရှိသူများက အခွန်လွတ် ပစ္စည်းများ အခွန် ဆောင်ကြရန် ကုန်သည်များအား အစည်းဝေးခေါ်ယူ၍ သတိပေး ပြောဆိုခဲ့ပြီး မည်ကဲ့သို့ပေးဆောင်ရမည်ကို အသေးစိတ်အချက်အလက် မသိရသေးမီ ယနေ့နံနက်တွင် ရှောင်တခင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုလို ဖမ်းဆီးမှုများကြောင့် မြို့ပေါ်စျေးဆိုင်များအားလုံး ပိတ်ထားလိုက်သည့်အတွက် စားသုံးသူများ အခက်အ ခဲဖြစ်နေကြသည်ဟု ၎င်းကဆက်ပြောသည်။

“အခုတောင်မှ ဟိုမှာ လက်ဖက်ရည်ဆိုင်တွေက နို့ဆီလိုက်ရှာဝယ်တာတောင် ဆိုင်ရှင်တွေ ဘယ်သူမှ ဖွင့်ပြီးတော့ မရောင်းရဲကြတော့ဘူး။ နို့ဆီကလည်း ဟိုဖက်ကမ်းကနို့ဆီတွေကိုး။ အဲတာ လူတွေ အ ကုန်လုံးကြောက်ပြီး ဆိုင်တိုင်းပိတ်သွားပြီပေ့ါနော်။ ဘာလို့လဲဆို ဒီမှာက နယ်စပ်ဆိုတော့ ဂျူတီလွတ် တဲ့ပစ္စည်း များတာကိုး။ နားလည်မှုနဲ့ အကုန်လုံးသွင်းထားတဲ့ ပစ္စည်းတွေချည်းပဲလေ။”

ယခုဖမ်းဆီးမှုသည် အချိန်မည်မျှကြာမည်ကို မခန့်မှန်းနိုင်သည့်အတွက် ဆက်လက် ဖမ်းဆီးနေပါက မြို့ခံလူ ထုအတွက် စိုးရိမ်စရာရှိနိုင်ကြောင်း “အခုအတိုင်း ရေရှည်ဖြစ်မယ် ဆိုရင်တော့ တော်တော်ခက် သွားမယ်။ စားသုံးသူတွေအတွက်လည်း ၀ယ်စားစရာကို မရှိအောင် ဖြစ်သွားမယ်။” ဟု မြို့ခံက ပြောသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် အလုပ်သမား ရေးဌာနမှ ပုဂ္ဂိုလ်များက မြို့နယ်အခွန်ဦးစီး ဌာနသို့ လုပ်အားပေး ကားများဖြင့် သယ်ယူပို့ဆောင်ပေး သည်ဟု သိရသည်။

ယခင်က မြို့ပေါ်စျေးဆိုင်ကြီးများတွင် အခွန်လွတ်ပစ္စည်းများအား နားလည်မှုဖြင့် ရောင်းချခွင့် ပြုထားခဲ့ပြီး ယခု ဖမ်းဆီးမှုသည် ကော့သောင်းမြို့၌ ပထမဆုံးအကြိမ်ဖြစ်သည်။

ကော့သောင်းမြို့ပေါ်ရှိ ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် အရက်အပါအဝင် စားသောက်ကုန် ပစ္စည်း အများစုမှာ အခွန်ပေးဆောင်ရန် ကွင်းရှောင် ကြပြီး ပစ္စည်းငါးမျိုးလျှင် နှစ်မျိုးခန့်သာ ဆောင်ကြသော ကြောင့် စီမံချက်ချ ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ကုန်သည်များက သုံးသပ် ပြောဆို ကြသည်။

Most read this week