မိုးများသောကြောင့် နွေစပါး စိုက်သူများ ထိခိုက်

မိုးများသောကြောင့် နွေစပါး စိုက်သူများ ထိခိုက်
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လယ်သမားများ စိုက်ပျိုးထားသော နွေစပါးများ ဧကပေါင်းများစွာ ပျက်စီးမှုများ ဖြစ်ပေါ်...

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် လယ်သမားများ စိုက်ပျိုးထားသော နွေစပါးများ ဧကပေါင်းများစွာ ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

နွေစပါး ကောက်သိမ်းချိန်တွင် ဇွန်လကုန်ပိုင်းမှ ယခုထိ မိုးတစ်ရက်မှ မစဲခဲ့ရာ ကောက်ရိတ်သိမ်းထားသည့် ကောက်လိုင်းများနှင့် မသိမ်းဆည်း ရသေးသည့် စပါးများ မိုးရေဝင်သဖြင့် ပျက်စီးဆုံးရှုံးနေသောကြောင့် တောင်သူလယ်သမားများ ရောင်းအားမရ ဖြစ်နေသည်။

လယ်ယာစိုက်ပျိုးမှု အများဆုံး လုပ်ကိုင်သော ဒေသဖြစ်သည့် ဝိုင်းမော်မြို့နယ်မှ နွေစပါးစိုက်သူ တောင်သူဦးကြီးက “နွေစပါးက အခုမှ သိမ်းနေတယ်၊ တစ်ချို့က မသိမ်းရသေးဘူး၊ မိုးတအားများတော့ ကောင်းကောင်းမသိမ်းရဘူး အခုသိမ်းထားတာက တအားပုတ်တာ၊ အတော်အသင့်ဟာတော့ ရောင်းလို့ရမယ်ထင်တယ် ” ဟု ပြောသည်။

ယခင်တွင် စပါးတင်း ၅ တင်းစိုက်ပျိုးလျင် တင်း၃၀၀ ကျော်ခန့် စပါးအထွက်တိုး၍ ရရှိခဲ့ရာ ယခုနှစ်တွင်မူ စပါးမှည့်၍ ရိတ်သိမ်းချိန်မှ မိုးများ ဆက်တိုက်ရွာသွန်းလာပြီး ကောက်လိုင်းများ မိုးစိုကာ စပါးများစွာ ဆုံးရှုံးပျက်စီးခဲ့ရပြီး စပါးတင်း ၂၀၀ ကျော်သာ ရရှိခဲ့ကြောင်းသိရသည်။

ယခုလို  “စပါးက စိုရွှဲရွှဲနဲ့ ပျက်နေတော့ ဘယ်သူမှ မယူဘူး” ဟု ရောင်းစျေးမရသည့် စပါးများကြောင့်   တောင်သူလယ်သမားများ အရှုံးပေါ် နေကြောင်း ၎င်းလယ်သမားက ဆက်ပြောသည်။

ယင်းသို့ နွေစပါး ပျက်စီးမှုများ ဖြစ်ပေါ်မှုမှာ နွေစပါးစိုက်ပျိုးမှု နောက်ကျခြင်းကြောင့် ဖြစ်ပြီး အစိုးရလယ်ယာ စိုက်ပျိုးရေးဌာနမှလည်း ပညာပေး လုပ်ငန်းများ မရှိကြောင်း ၀ိုင်းမော်မြို့နယ် ဝါးရှောင်တွင် လယ်လုပ်ငန်း လုပ်ကိုင်သူ လယ်သမားတစ်ဦးမှ ပြောသည်။

ကချင်ပြည်နယ်တွင် မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ နမ်းမား၊ ဝိုင်းမော်မြို့နယ် စသည့် နေရာအသီးသီး၌ စပါးကို စီးပွားဖြစ် အဓိကထား စိုက်ပျိုးကြရာ ဒီနှစ် မိုးများသောကြောင့် လယ်သမားများ မျော်လင့်ထားသလောက် နွေစပါးအထွက်နှုန်းမကောင်းခဲ့သောကြာင့် အခက်ခဲရင်ဆိုင်နေရသည်။

မိုးအားကောင်းသဖြင့် နွေစပါးပျက်ခဲ့သော်လည်း မိုးစပါးအထွက်နှုန်းတိုးလာမည်ဟုယူဆကာ ကချင်ပြည်နယ်မှ လယ်သမားများသည် မိုးစပါးများကို ယခင်နှစ်ကထက်ပိုစိုက်ပျိုးနေကြသည်။

Most read this week