ထိုင်းငါးဖမ်းစက်လှေတစ်စီး မြန်မာအာဏာက ဖမ်းဆီး

ထိုင်းငါးဖမ်းစက်လှေတစ်စီး မြန်မာအာဏာက ဖမ်းဆီး
by -
ဇော်ကြီး
မြန်မာ ရေပိုင်နက်အတွင်း ခိုးဝင်ပြီးငါးဖမ်းသည့် ထိုင်းငါးဖမ်းစက်လှေတစ်စီးအား မြန်မာအာဏာပိုင်တို့က ဖမ်းဆီး...

မြန်မာ ရေပိုင်နက်အတွင်း ခိုးဝင်ပြီးငါးဖမ်းသည့် ထိုင်းငါးဖမ်းစက်လှေတစ်စီးအား မြန်မာအာဏာပိုင်တို့က ဖမ်းဆီး လိုက်သည်။

၀ါးလက်ဟုခေါ်သည့် ထိုင်းနိုင်ငံထုတ်ငါးဖမ်းစက်လှေအမျိုးအစားသည်  ထိုင်းရေပိုင်နက် အတွင်း တရားဝင်ငါး ဖမ်းခွင့်ရှိသော်လည်း မြန်မာ ရေပိုင်နက်အတွင်း ဖမ်းဆီးမှုကို မြန်မာအာဏာပိုင်တို့က ပိတ်ပင်ထားသည်။

သို့သော် ဒေသခံအာဏာပိုင်အဖွဲ့အစည်းများနှင့် နားလည်မှုယူကာ ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေရာ မှ အခွန်မ ဆောင်သည့်အတွက် ထိုင်းနှင့်မြန်မာ ရေပိုင်နက် ဆက်စပ်နေသည့် ရနှောင်း-ကော့သောင်း ဒေသတဝိုက်တွင် လွန်ခဲ့သည့်လေးရက်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဒေသခံ မျက်မြင်တစ်ဦးက ယခုလိုပြောသည်။  

“၀ါးလက် ဆိုတာက ပင်လယ်မှာ တရွတ်တိုက်ဆွဲတာလေ ပိုက်ကို အောက်ကြမ်းပြင်မှာ။ အဲဒီကောင်က ခွင့်မပြုထားဘူးလေ။ ခွင့်မပြုထားပေမယ့် သူတို့ နားလည်မှုနဲ့ လုပ်ကြတာ အဆင်မပြေတဲ့ အခါကျ တော့ ဖမ်းတာပေ့ါ။ အဆင်ပြေရင်တော့ ဘာမှမဖြစ်ဖူး။ အခုလည်း ဆွဲနေတဲ့ လှေတွေ တစ်ပုံကြီး။”

ယင်းစက်လှေများသည် ထိုင်းနိုင်ငံသားများပိုင်ဆိုင်ပြီး မြန်မာအလုပ်သမားများဖြင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြ ကာ မြန်မာအာဏာပိုင်များထံ လစဉ်အခွန်ဆောင်၍ လုပ်ကိုင်ကြသည်ဟု ၎င်းက ဆက်ပြောသည်။

“အခုသူတို့ ပင်လယ်ပြင်စိုးမိုးရေးတွေရှိတယ်။ အဲဒီမှာ ကြည်းရော၊ ရေရော အကုန်ချထားတယ်။ တစ် လကို ဘယ်လောက်ဆိုပြီးတော့ လှေနာမည် ပေးထားပြီးတော့ လစဉ်ကြေး ဘယ်လောက် ဆိုပြီးသွင်း ရတယ်။ သွင်းပြီးလို့ရှိရင် သူတို့လုပ်ကြပေ့ါ။ တချို့ကျတော့ အဆင်မပြေတော့ ခိုးလုပ် ကြတာပေ့ါ။ အဲဒီ တော့ သူတို့ဆီမှာ စာရင်းမပေးထားတဲ့ သူတွေကို သူတို့(မြန်မာအာဏာပိုင်)က ဖမ်းထည့်လိုက်တာ ပေ့ါ။”

ဖမ်းဆီးမိသည့် စက်လှေနှင့်အတူ ငါးဖမ်းပစ္စည်းကိရိယာများအား ဆိပ်ကမ်းကပ်သည်နှင့် လေလံစံနစ်ဖြင့်ရောင်းချ ခဲ့ပြီး လှေလုပ်သား ၂၀ ခန့်အား တည်ဆဲဥပဒေအရ အရေးယူထား သည်ဟု သိရသည်။

၀ါးလက်လှေများကို အသုံးပြု၍ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ပင်လယ်ရေအောက် ကြမ်းပြင်ကို ပျက်စီးစေ သည့်အပြင် ငါးမျိုးပြုန်းနိုင်သည့် အတွက် တားမြစ်ထားသော်လည်း  တရားမဝင်နည်းလမ်း များဖြင့် လုပ်ကိုင်နေ ကြပြီး ၎င်းတို့အား အချိန်မရွေး ဖမ်းဆီးပိုင်ခွင့် ရှိသည်ဟု ဆိုသည်။

တရားမဝင် ငါးဖမ်းသူများ ဖမ်းဆီးမိပါက လှေပေါ်တွင်ထမ်းဆောင်ရသည့် တာဝန်အရ အပြစ်ဒဏ်ပေး ခံရလေ့ရှိ ပြီး အနိမ့်ဆုံးအဆင့် ထောင်ဒဏ် လေးနှစ်အထိ ကျခံရနိုင်သည်။

Most read this week