တရားဝင် အလုပ်သမားလက်မှတ် ကိုင်ထားသည့် မြန်မာမိသားစု ၂၀ ကျော် အဖမ်းခံရ

တရားဝင် အလုပ်သမားလက်မှတ် ကိုင်ထားသည့် မြန်မာမိသားစု ၂၀ ကျော် အဖမ်းခံရ
by -
ဇော်ကြီး
ထိုင်းနိုင်ငံ ရနောင်းမြို့နယ်အတွင်း တရားဝင်အလုပ်သမားလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသည့် မြန်မာ မိသားစု ၂၀ ကျော်အား ဒေသခံအာဏာပိုင်က  ဖမ်းဆီး...

ထိုင်းနိုင်ငံ ရနောင်းမြို့နယ်အတွင်း တရားဝင်အလုပ်သမားလက်မှတ် ကိုင်ဆောင်ပြီး အလုပ်လုပ်နေသည့် မြန်မာ မိသားစု ၂၀ ကျော်အား ဒေသခံအာဏာပိုင်က  ဖမ်းဆီး ခဲ့သည်။

ရနောင်းမြို့နယ်အတွင်းရှိ ငေါင်း(၀်)ကျေးရွာ၌ ငါး၊ ပုဇွန်လုပ်ငန်းလုပ်ကိုင်သည့် ရွှေ့ပြောင်း အလုပ်သမား မိသား စုများအား ရနောင်းမြို့ ဖန်ပလားရဲစခန်းမှ ယမန်နေ့ ညနေ လေးနာရီ ခန့်က ဖမ်းဆီးခဲ့သည်ဟု ဒေသခံ အလုပ် သမား ကိုသူရက ယခုလိုပြောသည်။

“ပုဇွန်ကန်မှာက မိသားစု ၆ စု လောက်ရှိတယ်။ ငါးပိလုပ်တဲ့ နေရာမှာက တော်တော် များတယ်။ အိမ် ထောင်စု ၁၁ စု လောက်ကိုရှိတယ်။ ငါးမွေးကန်က လေးအိမ်ပဲ ရှိတယ်။ အဲဒီမှာနေတဲ့သူတွေ အကုန် လုံးကို ဖမ်းသွားတာလေ။”

ယင်းအလုပ်သမားများသည် တရားဝင်အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားပြီး ယာယီနိုင်ငံကူးလက်မှတ် ပြု လုပ်ရန် လျှောက်ထားပြီးသူများဖြစ်သည်။

ယခုအဖမ်းခံရခြင်းနှင့်ပတ်သက်၍ ကိုသူရက ယခုလို ဆက်ပြောသည်။

“လက်မှတ်ရှိတယ်၊ အရင်သူဌေးနဲ့ ဘတ်လုပ်ထားတာ။ အဲဒီသူဌေးမှာ မနေပဲနဲ့ နောက်သူဌေးမှာနေ တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူ(ထိုင်းရဲ)က ဖမ်းတာ။ ကျနော့်သူငယ်ချင်း ကတော့ နှစ်ထောင်နဲ့ထုတ်လာရ တယ်။ သူနဲ့ အတူတူထွက်လာတဲ့ သူကတော့ နှစ်ထောင့်ငါးရာတဲ့။”

အလုပ်ရှင်နှင့် အလုပ်သမားလိုက်နာရမည့် စည်းကမ်းနှင့် မညီညွတ်၍ ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ယခုလို အဖမ်း ခံရပါက အလုပ်သမားလက်မှတ်ပါ သိမ်းဆည်းပိုင်ခွင့် ရှိသည်ဟု အလုပ်သမားအရေးကို ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ ဥပဒေရေးရာ တာဝန်ခံ ကိုမြင့်ဦးက ယခုလိုပြောသည်။

“အလုပ်အမျိုး အစားကို ၀ပ်ပါမစ် (အလုပ်သမားလက်မှတ်)မှာ ခွဲထားတယ်လေ။ အဲဒီ အလုပ်အမျိုး အစားမှာပဲလုပ်ရမယ်။ အကယ်၍ အလုပ်ပြောင်းမယ်ဆိုရင် ပထမ အလုပ်ရှင် ရဲ့ သဘောတူညီချက်နဲ့ ဒုတိယအလုပ်ရှင်ဆီကို ပြောင်းရမယ်။ ဥပဒေအတိုင်းဆိုရင် ဒီအလုပ်သမားလက်မှတ်က အကြံုးမဝင် တော့ဘူး၊ ပြန်သိမ်းလိုက်ပြီ သူတို့။ အဲတာဆိုရင် သူက(အလုပ်သမား) တရားမဝင် အလုပ်လုပ်တာ ပေ့ါနော်။”

ယခင် အလုပ်ရှင်ဟောင်းထံ အလုပ်လုပ်စဉ်က လုပ်အားခနည်းပြီး အခက်အခဲဖြစ်သည့် အတွက် ပြောင်းရွှေ့လုပ် ကိုင်ခြင်းဖြစ်သည်ဟု အဖမ်းခံရသည့် အလုပ်သမား ပိုင်ပိုင်က ယခုလိုပြောသည်။

“မစားလောက်တော့ ပိုက်ဆံများများရတဲ့ နေရာကို ၀င်လုပ်တယ်။ လစာလေးနည်းနည်း လေးနဲ့ ဘတ်(အလုပ်သမားလက်မှတ်)ကလည်း အဲဒီသူဌေးနဲ့လုပ်ထားတယ်။ ကိုယ့်မှာ လည်းဝင်ငွေက နည်းနေတဲ့ ခါကျတော့ သူက ဘတ်ကြေးကဖြတ်၊ ဘာကဖြတ်ဆိုတော့ ကျနော်တို့ ဘယ်လိုလုပ်ရပ်တည်လို့ရ မှာလဲ။ ကိုယ့်ဝမ်းစာအတွက် မလုံလောက်တဲ့ အခါ ကျတော့ သူဌေးဆိုတာတော့ ပြောင်းရမှာပဲ။”

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားခန့်မှန်းခြေ ၂ သန်းကျော် ရှိသည့်အနက် ထိုုင်းအစိုးရက ပြုလုပ် ပေးသည့် တရားဝင်အလုပ်သမား လက်မှတ် ကိုင်ဆောင် ထားသူ ၁ သန်းကျော်ရှိကာ သက်တမ်းတိုးပြီးသည့် အလုပ်သမား ၉ သိန်းကျော် သာရှိသည်ဟု ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက တရားဝင်စာရင်း ထုတ်ပြန်ထား သည်။

ထိုင်းအစိုးရမှ သက်တမ်းမတိုးပဲ ကျန်ရှိသည့် တရားမဝင်နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ် သမား ၃ သိန်းကျော် အား ဖမ်းဆီး၍ နေရပ်ရင်း ပြန်ပို့ရေးစီမံချက်ကို ထိုင်း ၀န်ကြီးချုပ်က ယခုလဆန်းပိုင်းတွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားသား အလုပ် သမား ထောင်နှင့်ချီ၍ ဖမ်းဆီးခံခဲ့ရသည်။

Most read this week