ကချင်ပါတီ အသစ် မှတ်ပုံတင်ရန် နေပြည်တော်သို့ ရောက်ရှိ

ကချင်ပါတီ အသစ် မှတ်ပုံတင်ရန် နေပြည်တော်သို့ ရောက်ရှိ
ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (KSUDP) သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ပါတီ မှတ်ပုံတင်ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိမည် ဖြစ်သည်ဟု သိရှိရ...

ကချင်ပြည်နယ် စည်းလုံးညီညွတ်ရေး ဒီမိုကရေစီပါတီ (KSUDP) သည် စစ်အစိုးရ၏ ရွေးကောက်ပွဲ ပါတီ မှတ်ပုံတင်ရန် နေပြည်တော်သို့ ယနေ့ ရောက်ရှိမည် ဖြစ်သည်ဟု သိရှိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ဥက္ကဌ ဒူဝါ ခက်ထိန်နန်၊ ဒု ဥက္ကဌ ဖောင်လာ ဂမ်ဖန်နှင့် အကြံပေးအရာရှိ မဒိန်ဇုံးတိန့်နှင့် ရှေ့နေ ဒွဲဘူ ၊ ရှေ့နေ လမြဂမ်အတူ နေပြည်တော်သို့ ကချင်ပါတီအသစ် မှတ်ပုံတင်ရန် မြစ်ကြီးနားမြို့မှ ထွက်ခွာခဲ့သည်ဟု နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။

ဒူဝါ ခက်ထိန်နန် ဦးဆောင်သော KSUDP သည် ဇွန်လ ၂၆ ပြီးခဲ့သည့် စနေနေ့က ကြံ့ဖွ့ံပါတီမှ ခွဲထွက်၍ ကချင်ပါတီအသစ် တည်ထောင်ရန် ကြံ့ဖွ့ံအတွင်းရေးမှူး ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့ တိုက်တွန်းခဲ့သော ကချင်ပါတီအသစ်တစ်ခု ဖြစ်သည်။

ကချင်ပါတီ အသစ် KSUDP သည် ယခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ပါတီဝင် ကချင်ပြည်သူများ ဖြစ်သည်။

ယခုလို  ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) အား ပါတီတည်ထောင်ခွင့် မပြုတော့သည်ကို တရားဝင် ကြေငြာခြင်း မရှိသေးဘဲ ကချင်ပါတီအသစ် တည်ထောင်ခိုင်းသည်မှာ မလုပ်သင့်သော အရာဖြစ်သည်ဟု ၎င်းပါတီ အရာရှိတဦးက ပြောသည်။

“ကျွန်တော်တို ့ KSPP ပါတီကို လက်မခံတော့ဘူးဆို လက်မခံတော့ဘူး ပြောပြီးမှ ကချင်ပါတီ အသစ် တည်ထောင်ခိုင်းရင် တစ်မျိူးပေါ့။ အခုဟာက ကျွန်တော်တို့ ပါတီကို စောင့်ဆိုင်းခိုင်းထားပြီး ကြံ့ဖွံ့ပါတီဝင် ကချင်တွေကို ကချင်ပါတီအသစ် တည်ထောင်ခိုင်းတယ် ဆိုတာ မလုပ်သင့်တဲ့ အရာဖြစ်တယ်” ဟု ပါတီ အရာရှိက ထပ်မံပြောသည်။

ဦးခက်ထိန်နန်သည် ယခင်က မြစ်ကြီးနား အခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်ပြီး မြစ်ကြီးနားမြို့ မန်ခရိန် ရပ်ကွက်တွင် ၁၀ နှစ်တိုင် ရပ်ကွက် ဥက္ကဌ တာဝန်ကို် ထမ်းဆောင်ခဲ့ဖူးသူလည်း ဖြစ်သည်။

ဦးဖောင်လဂမ်ဖန်နှင့် မဒိန်ဇုံးတိန့်သည် ကချင်ပြည်နယ် မြစ်ကြီးနား အခြေစိုက် ကချင်ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဝင် တစ်ယောက်ဖြစ်သည်။

ရှေ့နေ ဒွဲဘူသည် ကချင်ပြည်နယ် မျိူးမိ မျိူးဖ အနေနှင့် အမျိူးသားညီလာခံ တက်ရောက်ခဲ့သူ ဖြစ်သည်။ရှေ့နေ လမြဂမ် သည် ရန်ကုန်မြို့တွင်သာ နေထိုင်ပြီး ယခုအချိန် ကချင်ပြည်နယ် ပါတီတစ်ခု အနေနဲ့ ပါ၀င်လူပ်ရှားမည့် သူတစ်ဦး ဖြစ်သည်။

ယခုချိန်ထိ ဒီနှစ်မကုန်မီ ပြုလုပ်မည့် ရွေးကောက်ပွဲဝင်ရန် ကချင်နိုင်ငံရေးပါတီ စုစုပေါင်း ၄ ပါတီ ရှိနေပြီ ဖြစ်ပြီး  ၃ ပါတီက နေပြည်တော် အခြေစိုက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီမှတ်ပုံတင်လျှောက်ထားပြီး ဖြစ်သည်။

ကျန်ရှိနေသော တစ်ပါတီသည် နေပြည်တော် အခြေစိုက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီမှတ်ပုံတင် လျှောက်ထားရန် ယနေ့ ရောက်ရှိမည် ဖြစ်သည်။

ယနေ့အထိ ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၂ ပါတီရှိရာ ၃၈ ပါတီကို ပါတီထောင်ခွင့် ပြုခဲ့သော်လည်း ၎င်းတွင် ကချင်ပါတီ တစ်ခုမှ မပါသေးပေ။

Most read this week