ဦးဇခုန်တိန့်ယိန်း၏ KIO သို့ တိုက်တွန်းချက်အား ကချင်အဖွဲ့အစည်း အသီသီးမှ ကန့်ကွက်

ဦးဇခုန်တိန့်ယိန်း၏ KIO သို့ တိုက်တွန်းချက်အား ကချင်အဖွဲ့အစည်း အသီသီးမှ ကန့်ကွက်
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) အား နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် မြန်မာစစ်အစိုးရ သစ္စာခံ NDAK ဥက္ကဋ္ဌ ဟောင်း ဦးဇခုန်တိန့်ယိန်း ပေးပို့ခဲ့သည့် တိုက်တွန်းစာကို ကချင်အဖွဲ့အစည်း အသီးသီးက ကန့်ကွက်...

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO) အား နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် မြန်မာစစ်အစိုးရ သစ္စာခံ NDAK ဥက္ကဋ္ဌ ဟောင်း ဦးဇခုန်တိန့်ယိန်း ပေးပို့ခဲ့သည့် တိုက်တွန်းစာကို ကချင်အဖွဲ့အစည်း အသီးသီးက ကန့်ကွက်လိုက်သည်။

ကန့်ကွက်သည့် အဖွဲ့အစည်းနှင့် ခေါင်းဆောင်များတွင် ပြည်ပရောက် ကချင်လူမျိုးများ ဖွဲ့စည်းထားသည့် ကချင်အမျိုးသားအစည်းအရုံး (KNO)၊ ကချင်ပြည်နယ် NLD ဝိုင်းမော်လွှတ်တော် အမတ်ဟောင်း ဒူဝါ မရန်ဇော်အောင်၊ ကချင်ကျောင်းသားနှင့် လူငယ်သမဂ္ဂ (AKSYU) တို့ ပါ၀င်သည်။

KNO ခေါင်းဆောင် ဒူဝါ ဘောမ်ဝမ်လရော်က “KIO ဥက္ကဋ္ဌကို စစ်အစိုးရ လိုလားသည့် လမ်းကို လိုက်လျှောက်ဖို့ ခေါင်းဆောင်ကြီး တိန့်ယိန်းရဲ့ အကြံပေးနည်းလမ်းဟာ မှားနေတယ်လို့ ရဲ့ရင့်စွာ သတိပေးလိုတယ်” ဟု ၎င်း၏ လက်မှတ်ပါ ပြန်ကြားစာ၌ ရေးသားထားသည်။

နယ်ခြားစောင့်တပ် အသွင်ကူပြောင်းသွားသည့် ဦးဇခုန်တိန့်ယိန်းသည် KIO ဥက္ကဋ္ဌ ဇောင်းခရားသို့ လိပ်မူကာ ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA အား မြန်မာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် ပြောင်းလဲရန် အကြံပေးစာကို မေ၂၃ ရက်နေ့တွင် ပေးပို့ခဲ့သည်။

ယင်းစာ၌ “မြန်မာတပ်မတော်ကို ဆက်လက်ပြီး ဆန့်ကျင်ငြင်းဆန်နေရင် ဘာအကျိုးမရှိဘဲ ကိုယ့်လူမျိုးတွေ ပိုဒုက္ခအရှုံးနဲ့ နာကျင်နေရတဲ့လမ်းပဲ ရှိလာနိုင်တယ်။ ဒါကြောင့် စစ်အစိုးရ၏ စကားကို လိုက်နာရန်” ဟု ဖော်ပြထားသည်။

ထို့ပြင် လက်နက်ကိုင် တော်လှန်ရေးကို ရပ်၍ နိုင်ငံရေးအရ အဖြေရှာသွားနိုင်ရန် ခိုင်မြဲသည့် ငြိမ်းချမ်းရေး လိုသည်ဟုလည်း ရေးသားထည့်သွင်းထားသည်။

စစ်အစိုးရနှင့် KIO ကြား နယ်ခြားစောင့်တပ် ပြောင်းလဲရေး ကိစ္စနဲ့ ပတ်သက်ပြီး ၁၅ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း KIO က ဆက်လက်ငြင်းဆိုနေဆဲ ဖြစ်သည်။

NLD ဝိုင်းမော်လွှတ်တော် အမတ်ဟောင်း ဒူဝါ ဇော်အောင်က “၎င်းတို့က အမျိုးသားခေါင်းဆောင်ကြီးအဖြင့် သတ်မှတ်ထားသည့် ဦးဇခုန်တိန့်ယိန်းက ယခုကဲ့သို့ KIO အား စစ်အစိုးရလက်အောက် ရောက်သွားရန် အကြံပေးနေခြင်းမှာ ၀မ်းနည်းစရာဖြစ်ကြောင်း” ပြောသည်။

ထိုင်းနိုင်ငံရှိ AKSYU အထွေထွေအတွင်းရေးမှူး ဦးနော်ခမ်းကလည်း “နယ်ခြားစောင့်တပ် လက်ခံဖို့ အတင်းအဓမ္မ တွန်းအားပေး စာပို့တာ မကောင်းပါဘူး။ ငါတို့ လက်နက်ချရင် တော်လှန်ရေး လုပ်ခဲ့တာ အလကား ဖြစ်သွားမှာပဲ” ဟု ပြောသည်။

ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော NDAK အဖွဲ့ နှင့် ဦးလဆန်အောင်ဝါ အဖွဲ့တို့သည် မိခင် KIO မှ ခွဲထွက်ခဲ့သည့် အဖွဲ့များ ဖြစ်ပြီး ၂၀၀၉ နှစ် ကုန်ပိုင်းတွင် မြန်မာစစ်တပ်၏ လက်အောက်ခံ တပ်များ အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

၎င်းတို့ နှစ်ဦးသာမက ကချင်တိုးတက်ရေးပါတီ KSPP ခေါင်းဆောင် ဒေါက်တာတူးဂျာ (KIO ဒု-ဥက္ကဋ္ဌ အဆင့် ၂ ဟောင်း)၊ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အတွင်းရေးမှူးဟောင်းနှင့် Shalom Foundation ခေါင်းဆောင် Rev. Dr. Saboi Jum တို့သည်လည်း KIO ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရန် တိုက်တွန်း ခဲ့ပြီးပြီ ဖြစ်သည်။

http://kachinnews.com/burmese/2010-01-18-05-43-21/169--kio---.html

Most read this week