ကချင်အမျိုးသား ကိုယ်စားပြုပါတီ ရှိသင့်သည်ဟု ဒေသခံ ရှမ်းခေါင်းဆောင် တဦးပြော

ကချင်အမျိုးသား ကိုယ်စားပြုပါတီ ရှိသင့်သည်ဟု ဒေသခံ ရှမ်းခေါင်းဆောင် တဦးပြော
by -
ဇော်ကြီး
ကချင်ပြည်နယ်၌ ကချင်အမျိုးသား ကိုယ်စားပြုပါတီ ရှိသင့်သည်ဟု ဒေသခံ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦးက ပြော...

ကချင်ပြည်နယ်၌ ကချင်အမျိုးသား ကိုယ်စားပြုပါတီ ရှိသင့်သည်ဟု ဒေသခံ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ ရုံးခန်းဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ် တင်ပွဲ အခမ်းအနားကို ကချင်ပြည်နယ် မိုးကောင်းမြို့ အိုးတန်းရပ်ကွက်၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး အခမ်းအနား တက်ရောက်ခဲ့သူ ရှမ်းခေါင်းဆောင်တဦးက ယခုလို ပြောခဲ့သည်။

“တိုင်းရင်းသား အစုအဖွဲ့တစ်ခုအနေနဲ့ သူတို့လည်း လုပ်သင့်လုပ်ထိုက်တဲ့၊ ဖွဲ့စည်းသင့် ဖွဲ့စည်းထိုက်တဲ့ ပါတီတရပ်လို့တော့ မြင်ပါတယ်။ တိုင်းရင်းသားအစုအဖွဲ့ ပါတီတွေထဲမှာ ကချင်တိုင်းရင်းသားတွေ အနေနဲ့ ရှိသင့်ရှိထိုက်၊ ပါသင့်ပါထိုက်တဲ့ ပါတီလို့ ကျနော်တို့တော့ မြင်ပါတယ်။ ဒါကြောင့် သူတို့ အနေနဲ့လည်း သူ့အမျိုးသား ကိုယ်စားပြု ပါတီတွေ ရှိလာရင် သူတို့အတွက် မမှားဘူးပေ့ါလေ။”

လာမည့် ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ကချင်ပြည်နယ်အတွင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရှမ်း တိုင်းရင်းသား ဒီမိုကရက်တစ်ပါတီနှင့် ကချင်ပြည် တိုးတက်ရေးပါတီ စသည့် ပါတီကြီး ၄ ခုအနက် ကချင်ပါတီ အနေနှင့် ပါတီတည်ထောင်ခွင့် မရသေးပါ။

အနာဂါတ် ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လမ်းရာတွင်  ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုး အချင်းချင်း အပြန်အလှန် နားလည်မှု တည်ဆောက် သွားရန် လိုအပ်သည်ဟု ၎င်းက ဆက်ပြောသည်။

(SNDP) ရုံးဖွင့်ပွဲ အခမ်းအနား မိုးကောင်းမြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် မြို့နယ်အတွင်းရှိ လူငယ်ခေါင်းဆောင်များ စာပေယဉ်ကျေးမှု အဖွဲ့များမှ လူဦးရေ တစ်ရာကျော် တက်ရောက်ခဲ့သည်။

(SNDP) ပါတီ အနေနှင့် ကချင်ပြည်နယ်အတွင်းရှိ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ ၀ုိင်းမော်၊ ပူတာအို စသည့် မြို့နယ်များနှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် ရုံးခန်းများ ဖွင့်လှစ်၍ စည်းရုံးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။  

၎င်းတို့၏ ပါတီဌာနချုပ်အား ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်တွင် ဖွင့်လှစ်ထားပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ကယား ပြည်နယ် တို့တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်ဟု သိရသည်။

ကချင်ပြည်တိုးတက်ရေးပါတီ (KSPP) အား စစ်အစိုးရမှ ပါတီတည်ထောင်ခွင့် မပေးတော့ကြောင်း ကောလာဟာလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

http://www.nmg-news.com/nmg/news280610a.html

Most read this week