မြန်မာနိုင်ငံ စစ်အစိုးရ၏ ဘိန်းတိုက်ဖျက်ရေး စီမံကိန်း ချမှတ်ပြီးနောက် ကချင်ပြည်နယ်တွင် ဘိန်းသုံးစွဲမှု ပိုများလာသည်။
သုံးနှစ်တာကာလအတွင်း ကချင်ပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှုနှင့် ကူးသန်းရောင်းဝယ်ရေး လျော့မသွားဘဲ ပိုများလာသောကြောင့် သုံးစွဲသူ များလာခြင်း ဖြစ်သည်။
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး (UNODC) အစီရင်ခံစာတွေ မြန်မာနိုင်ငံ ဘိန်းထုတ်လုပ်မှုသည် ၂၀၀၆ ခုနှစ်မှ ၅၀% နီးပါး မြှင့်တက်လာသည်ဟု ဆိုထားကြောင်း တွေ့ရှိရသည်။
ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ် (ဆဒုံးကျေးရွာ၊ ကံပိုင်ဒီ)၊ ပူတာအို၊ ဆွမ်ပရာဘွမ်၊ နာဂတောင်တန်း၊ တနိုင်း၊ ဟူးကောင့်ချိုင့်ဝှမ်း အစရှိသည့် မြို့နယ်ကျေးရွာများတွင် ဘိန်းစိုက်ပျိုးမှုသည် ၃ နှစ် ဆက်တိုက်တိုးလာသည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီလတွင် UNODC ထုတ်ပြန်ခဲ့သည့် အစီရင်စာတွင် တိုင်းရင်းသား အဖွဲ့များသည် မူးယစ်ဆေးဝါး စိုက်ပျိုးကူးသန်းရောင်းဝယ်မှုဖြင့် ၎င်းတို့ အဖွဲ့အစည်း ရှင်သန်ရန် လုပ်ဆောင်နေသည်ဟု ဆိုထားသည်။
ယင်းဖော်ပြချက်နှင့် ပတ်သက်၍ ကချင််လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုမှ ဘိန်းတိုက်ဖျက်ရေး တာဝန်ခံ တဦးက ကေအိုင်အိုသည် ၁၉၉၁ ခုနှစ် ဧပြီ ၁၅ ရက်နေ့မှ စတင်ပြီး ဘိန်းတိုက်ဖျက်ရေး မူဝါဒအား ချမှတ်ကာ ယနေ့ထိ လုပ်ဆောင်နေကြောင်း ပြောသည်။
ဘိန်းစိုက်ပျိုးသည့် နေရာများ ဖြစ်သည့် ပူတာအိုမြို့နယ်၊ ဆဒုံးနယ်မြေများသည် စစ်အစိုးရ၏ လက်အောက်ခံ နယ်မြေများသာ ဖြစ်ပြီး KIO မှ ၎င်းနယ်မြေတွင် ဘိန်းစိုက်ပျိုးမှု ပပျောက်အောင် လုပ်ဆောင်နေသော်လည်း နယ်စပ်မှ ဘိန်းများ အစဉ်မပျက် ဝင်ရောက်လာမှုကြောင့်ဟု ၎င်းက ပြောသည်။
“စီးပွားရေး ရောင်းဝယ်ရေးကို လုံးဝ မပိတ်ပင်နိုင်လို့ သုံးစွဲတာကိုလည်း မပိတ်နိုင်ခဲ့ပါဘူး။ ငါတို့ပဲ ထိန်းတဲ့ နယ်မြေ မဟုတ်တော့ မပိတ်ပင်နိုင်ဘူး။ ပူတာအိုဘက်မှာဆို ဒေသခံလူတွေက KIO က ဘိန်းစိုက်ပျိုးခိုင်းရင်တော့ လက်ခံနိုင်တယ်။ ပိတ်ပင်ရင် လက်မခံနိုင်ဘူးလို့ ဒေသခံတွေရဲ့ အသံထွက်လာတယ်။”
မြန်မာစစ်အစိုးရသည် ဘိန်းတိုက်ဖျက်ရေးဟု အမည်တပ်ကာ ၎င်းတို့ မသွားရောက်နိုင်သည့် KIO နယ်မြေများတွင် ဝင်ရောက်လာကာ တပ်စခန်းများ နေရာချ၊ နေရာယူလာခြင်းသည် ဘိန်းတိုက်ဖျက်ရေး မဟုတ်ဘဲ စစ်ဗျူဟာအရ အသုံးချ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ကချင်ပြည်နယ်တွင် ဆဒုံးကျေးရွာသည် ဘိန်းအစိုက်ပျိုးဆုံးဒေသတခု ဖြစ်သောကြောင့် ထိုဒေသတွင် အလည်ပတ်သွားသူ ကချင်ဓမ္မဆရာတစ်ဦးမှ “ဆဒုံးရွာဝင်တာနဲ့ လမ်းတလျောက်လုံး ဘိန်းနံ့ ရနေပြီ။ ခေါင်းအုံး၊ စောင်၊ တစ်အိမ်လုံး ဘိန်းနံ့စွဲနေတယ်” ဟု ပြောသည်။
၂၀၀၃ ခုနှစ် မတိုင်မီ မြစ်ကြီးနား တက္ကသိုလ် ကျောင်းသားများသည် ဘိန်းဝယ်ယူအသုံးပြုရန် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာသို့သာ သွားရောက်ရယူသော်လည်း ယခုအခါတွင်မူ မြို့တွင်းနေရာအနံ့၌ ဝယ်ယူအသုံးပြုနိုင်သည်။
မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း တက္ကသိုလ်များတွင် မူးယစ်ဆေးဝါးများကို ကျောင်းသားအချင်းချင်းမှ ဝယ်ယူနိုင်ပြီး ကျောင်းတွင်းထဲ၌ မူးယစ်ဆေးဝါး သုံးစွဲနေကြသည်။ မြစ်ကြီးနား တက္ကသိုလ်တွင် သုံးပြီးသော ဆေးထိုးအပ်များကို စနစ်တကျ ထည့်ရန် အိမ်သာ၌ “ကျန်းမာရေး ကြိုတင်ကာကွယ်ချက်အရ ရောဂါ ကူးစက်နိုင်သည့် စူးရှထက်မြက်သော အရာများ စွန့်ပစ်ရန်” ဟု ပေါ်တင် အမိုက်ပုံး သီးသန့်ထားပေးနေရသည်။
ယခုတွင် ကချင်ပြည်နယ်၌ အလယ်တန်းကျောင်းသားမှ စကာ မူးယစ်ဆေးဝါးများ သုံးစွဲနေပြီး၊ အထက်တန်း ကျောင်းသားဘဝတွင်မူ မူးယစ်ဆေးဝါးကို ဆိုးဆိုးဝါးဝါး သုံးစွဲနေပြီ ဖြစ်သောကြောင့် ဘိန်းအပြတ် အသုံးပြုနိုင်ရန် မိသားစုနှင့် ပတ်ဝန်းကျင်ကို ဒုက္ခပေး၍ ခိုးယူလုယက်မှုများ ဖြစ်ပေါ်နေသည်။
“ဘိန်းမသုံးနဲ့၊ မရောင်းနဲ့လို့ ဘာသာရေး၊ နိုင်ငံရေးမှ ပိတ်ဖို့ ခက်တယ်။ KIO ကလည်း ပိတ်လို့ ရမှာ မဟုတ်ဘူး။ နိုင်ငံတော် အစိုးရက ဒီဘိန်းကို ရောင်းဖို့ အခွင့် ပေးထားတာ” ဟု ဒေသခံ ဘာသာရေး ဆရာတဦးမှ ဆက်ပြောသည်။
မြစ်ကြီးနား ရပ်ကွက်ထဲမှ ကုန်စုံဆိုင် အားလုံးနီးပါး တစ်ခါသုံးအပ် မရောင်းသည့် ဆိုင်များ မရှိသလို ဒေသအခေါ် ဖောမြူလာ (formula) ချောင်းဆိုးပျောက်ဆေးရည် မရောင်းသည့် ကုန်ဆုံဆိုင်လည်း မရှိသလောက် ဖြစ်နေသည်။
မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အကြား ငြိမ်းချမ်းရေး မယူခင်တွင် မြစ်ကြီးနား ထောင်ထဲမှ လူထု၏ ရ၅% အမှုသည် တော်လှန်ရေး အမှုသာ ဖြစ်၍ ယခုတွင်မူ ရ၅% အမှုမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ဖြစ်နေကြောင်း မြစ်ကြီးနား အခြေစိုက် အစိုးရရှေ့နေ တဦးမှ ပြောသည်။
စစ်အစိုးရမှ ဘိန်းတိုက်ဖျက်ရေးကို လုပ်ဆောင်နေမြဲ လုပ်ဆောင်နေပြီး ဘိန်းတင်လာသည့် ကုန်တင်ကားများ ဖြတ်လာသည်ကို ရဲစခန်းတွင် အသိပေးသော်လည်း အထက်အမိန့်ဖြင့် အရေးယူ၍ မရနိုင်ကြောင်း ပြောလာသည်။ အသိပေးသည့် ပြည်သူများကိုသာ ဖမ်းဆီးချုပ်နှောင်မှုများ ပြုလုပ်နေဟု အဖမ်းခံရသည့် ဘာသာရေး ဆရာတဦးမှ ပြောလာသည်။
မြန်မာနိုင်ငံသည် ကမ္ဘာတွင် အဆင်းရဲဆုံး နိုင်ငံတခု အနေဖြင့် စာရင်း ဝင်ပြီး ကမ္ဘာတွင် ဒုတိယ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံ ဖြစ်သည်။