ခြံစည်းရိုး ပြန်လည် ပြုပြင်ရာတွင် ဒေသခံများကို လုပ်အားပေး စေခိုင်း

ခြံစည်းရိုး ပြန်လည် ပြုပြင်ရာတွင် ဒေသခံများကို လုပ်အားပေး စေခိုင်း
by -
မောင်သန်းစိန်
ရခိုင်ပြည်နယ် အနောက်ဖက် နယ်စပ်တွင် များမကြာမှီက ရေတိုက်စားမှုကြောင့် ပြိုလဲ ပျက်စီး သွားခဲ့သော ခြံစည်းရိုးများကို ပြန်လည် ပြုပြင် တည်ဆောက်ရာတွင် ဒေသခံ အရပ်သားများကို လုပ်အား ပေးစေခိုင်း နေသည်ဟု ဘင်္ဂလာဒေ့ချ် နိုင်ငံထုတ် အီတာဖတ် ဘင်္ဂလီ သတင်းစာတွင် ယမန်နေ့က ရေးသား ဖေါ်ပြ...

ရခိုင်ပြည်နယ် အနောက်ဖက် နယ်စပ်တွင် များမကြာမှီက ရေတိုက်စားမှုကြောင့် ပြိုလဲ ပျက်စီး သွားခဲ့သော ခြံစည်းရိုးများကို ပြန်လည် ပြုပြင် တည်ဆောက်ရာတွင် ဒေသခံ အရပ်သားများကို လုပ်အား ပေးစေခိုင်း နေသည်ဟု ဘင်္ဂလာဒေ့ချ် နိုင်ငံထုတ် အီတာဖတ် ဘင်္ဂလီ သတင်းစာတွင် ယမန်နေ့က ရေးသား ဖေါ်ပြသည်။

အဆိုပါ သတင်းစာတွင် မိုးရေ တိုက်စားမှုကြောင့် ကာရံထားသော ခြံစည်းရိုးမှာ ကျိုးပျက်သွား သဖြင့် ၎င်းကျိုးပျက်သွားသော နေရာများတွင် အနီးအနားရှိ မူဆလင် ကျေးရွာ များမှ ရွာသားများကို ခေါ်ယူ ခိုင်းစေနေသည်ဟု ဒုံးဒုံးကျ ကျေးရွာသားတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရေးသား ဖေါ်ပြသည်။

လုပ်အားပေး ခိုင်းစေနေခြင်းနှင့် ပတ်သက်ပြီး နယ်စပ် အန်တိုလီ ကျေးရွာသား တစ်ဦးကို မေးကြည့်ရာ သူက ယခုကဲ့သို့ ပြောသည်။

“ဟုတ်ပါတယ်။ နစက တပ်သားတွေက ကျိုးပဲသွားတဲ့ တာရိုးတွေကို ပြန်လို့ဆည်ဖို့အတွက် နီးစပ်ရာ ကျေးရွာသားတွေကို ရယက ဥက္ကဌက တဆင့် ခေါ်ပီး ခိုင်းစေနေတာ ဖြစ်ပါတယ်။ အလုပ်သမားတွေက ကျွန်တော်တို့ တရွာတည်းက မဟုတ်ပါဘူး။ တခြား နီးစပ်ရာ ရခိုင်၊ မူဆလင်။ ဒိုင်းနက် ကျေးရွာတွေက လူတွေလည်း ပါ၀င် ပါတယ်။”

အဆိုပါ လုပ်အားပေးခိုင်းစေခြင်းကို ၎င်းဒေသတွင် အခြေစိုက်နေထိုင်သော နစက နယ်မြေ ၂ နှင့် နယ်မြေ ၃ မှ တာဝန်ရှိသူများက လွန်ခဲ့သော တနင်္ဂနွေနေ့ကစ၍ ခေါ်ယူ ခိုင်းစေ နေခြင်းဖြစ်ကြောင်း သူက ပြောသည်။

လုပ်အားပေး ခိုင်းစေ ခံနေရသော ကျေးရွာများမှာ တောင်ပြို လက်ဝဲ လက်ျာ ကျေးရွာများနှင့် လိပ်ရ၊ အန်တိုလီ၊ ကွာတလာနှင့် ခမောင်းဆိပ်စသော ကျေးရွာများဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ဇွန် လ ၁၃ရက်မှ ၁၅ရက်နေ့ အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေတိုက် စားမှုကြောင့် တောင်ပြို(ဝဲ) မြို့နယ်ခွဲ မှတ်တိုင် အမှတ် ၃၄ အနီး တဝိုက်နှင့် တခြားနေရာ အနှံ့အပြားရှိ ခြံစည်းရိုးများမှာ ပြိုလဲ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

Most read this week