ရခိုင်ပြည်နယ်တွင် ရေဘေး အကူအညီ များစွာ လိုအပ်နေဆဲ

ရခိုင်ပြည်နယ်တွင် ရေဘေး အကူအညီ များစွာ လိုအပ်နေဆဲ
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ်တွင် ယခုလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ သုံးရက်တိုင်တိုင် လေပြင်းနှင့်အတူ မိုးသည်းစွာ ရွာသွန်းခဲ့ သောကြောင့် ရေကြီး မြေပြိုကာ လူသေဆုံးမှု၊ နေအိမ်များ ပျက်စီးမှု၊ ရေလွှမ်းမိုးမှု ရှိခဲ့ပြီး ရေဘေးဒဏ် ခံခဲ့ရသူများလည်း ထောင်ချီပြီ ရှိခဲ့....

ရခိုင်ပြည်နယ်တွင် ယခုလ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိ သုံးရက်တိုင်တိုင် လေပြင်းနှင့်အတူ မိုးသည်းစွာ ရွာသွန်းခဲ့ သောကြောင့် ရေကြီး မြေပြိုကာ လူသေဆုံးမှု၊ နေအိမ်များပျက်စီးမှု၊ ရေလွှမ်းမိုးမှု ရှိခဲ့ပြီး ရေဘေးဒဏ် ခံခဲ့ရသူများလည်း ထောင်ချီပြီ ရှိခဲ့သည်။

အဆိုပါ ရေဘေးဒဏ်ခံခဲ့ရသူများ အတွက် အကူအညီများစွာ လိုအပ် နေဆဲ ဖြစ်ကြောင်း နိရဥ္စရာမှ စုံးစမ်းသိရှိရသည်။

အကူအညီ လိုအပ်နေသော မြို့နယ်များမှာ ရေဘေးနှင့် လေဘေးကို အဓိက ခံခဲ့ရသည့် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဍားကျွန်းနှင့် မြေပုံမြို့နယ် တို့ဖြစ်ကြသည်။

ဘူးသီးတောင်မြို့ခံတဦးက“ရေဘေး၊ လေဘေး သင့်တဲ့ နေရာတွေက လူတွေ အကူအညီ များစွာ လိုအပ် နေဆဲဖြစ် ပါတယ်။ ဒီမှာက နေရာ တော်တော် များများမှာ ရေဖုံးလွှမ်းခဲ့ပါတယ်။ နေရေး ထိုင်ရေး၊ စားရေး သောက်ရေးက အစ အဆင်မပြေကြသေးဘူး။ အခု နိုင်ငံခြားအဖွဲ့ အစည်းတွေက အကူအညီ ပေးနေတာတွေတော့ ရှိပါတယ်။ အာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကူညီ ပေးတာတွေ တော့ မရှိသေးပါဘူး။ သေဆုံးသူ ဘူးသီးတောင်မှာ အယောက် ၉၀ လောက် ရှိတယ်လို့ သိရပါတယ်။” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် လေပြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျ မှုတို့ကြောင့် ရပ်ကွက်(၅)ရှိ ဟန်မလာကျေးရွာ၊ ကျောက်ရွက်ပြင်တိုးချဲ့ကျေးရွာနှင့် ကကျဘက်ပြင်ကျေးရွာ အုပ်စုတို့မှ အမျိုးသား ၁၃ဦးနှင့် အမျိုးသမီး ၁၈ဦး စုစုပေါင်း ၃၁ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ နအဖ စစ်အစိုးရ အာဏာပိုင် များမှ ထုတ်ပြန်ထားသည်။

အလားတူ မောင်တောမြို့ခံတဦးကလည်း“ အခု လောလောဆယ်တော့ ယူအန်က ရေဘေး၊ လေဘေးသင့် ဒုက္ခသည်တွေကို ကူညီပေးနေပါတယ်။ ရေဘေးသင့် သူတွေကို မောင်တော အထက ကျောင်းနဲ့ အလက ကျောင်းတွေမှာ နေရာချပေးထားပါတယ်။ ဒါပေမယ့် နယ်က ရေဘေးသင့်ခဲ့တဲ့ နေရာတွေမှာ အကူအညီ တွေကတော့ အများကြီး လိုအပ်နေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေ ကလည်း ထိထိရောက်ရောက် ကူညီပေးတာ တွေမရှိသေးသလို NGO’s အဖွဲ့အစည်းတွေကလည်း အဲဒီဒေသတွေ အထိ လက်မရောက်နိုင်သေးပါဘူး။” ဟု ပြောသည်။

မောင်တောမြို့တွင် ရပ်ကွက်(၄)ရှိ ရွာသစ်နှင့် ဗိုလ်မှူးရွာ တို့တွင် ရေ အမြင့်ပေ ၄ပေအထိ မြင့်တက်ခဲ့သော ကြောင့် မိသားစု ၂၅၀ ခန့် မောင်တော အထကကျောင်းနှင့် အလကကျောင်းသို့ ရွှေ့ပြောင်း ခဲ့ရသည်။

၎င်းအပြင် မောင်တောမြို့နယ် အောက်ပြူးမကျေးရွာ၊ ရေမျက်တောင်ကျေးရွာ၊ ဦးချဉ့်ကျကျေးရွာ၊ ဇီးပင်ချောင်းကျေးရွာနှင့် အနီးအနားမှ ကျေးရွာများတွင် ရေလွှမ်းမိုးမှု၊ တောင်ပြိုကျမှုတို့ကြောင့် လူ ၃၀ ခန့် သေဆုံးခဲ့သည်။

မင်းပြားမြို့နယ် ဆပ်ကြားကျေးရွာအုပ်စုတွင် လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၅ လုံးနှင့် စာသင်ကျောင်း တကျောင်း လုံးဝ ပျက်စီးသွားခဲ့ပြီး ကျန်နေအိမ် အများအပြားလည်း တစိတ်တပိုင်း ပျက်စီး သွားကြောင်း သိရသည်။

ဒေသခံတဦးက“ဒီမှာ ရှိတဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်ဆိုတော့ ခိုလှုံစရာ နေရာမရှိသလို ဖြစ်နေပါ တယ်။ အကူအညီတွေ လိုအပ်နေဆဲပါ။ စားရေး သောက်ရေး တွေလည်း အဆင်မပြေ သေးဘူး။ အခုလော လောဆယ်တော့ ကျန်ရှိခဲ့တဲ့ အိမ်တွေနဲ့ အနီးအနား ကျေးရွာတွေက နေအိမ် တွေမှာ လေဘေးသင့်သူ တွေကို နေရာချပေးထားပါတယ်။”

ထို့အတူ မြေပုံမြို့နယ် ကြာအင်းတောင်းကျေးရွာတွင်လည်း နေအိမ်များ ပျက်စီးခဲ့ပြီး ပုဇွန်ကန် အများ အပြားလည်း ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကားလမ်းများနှင့် ကျေးရွာဆက် လမ်းအများအပြားလည်း ပျက်စီးခဲ့ပြီး တံတားများလည်း ရေထဲ မျောပါသွားခဲ့သဖြင့် ကျေးလက် တောရွာများသို့ ရေဘေး အကူ အညီများ အချိန်မှီ မရောက်ရှိ နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

Most read this week