မလေးရှား ထိန်းသိမ်းရေး စခန်းတစ်ခုတွင် ဆန္ဒပြမှုဖြစ်ပွား

မလေးရှား ထိန်းသိမ်းရေး စခန်းတစ်ခုတွင် ဆန္ဒပြမှုဖြစ်ပွား
by -
ဇော်ကြီး
မလေးရှားနိုင်ငံရှိ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း တစ်ခုအတွင်း ရေပြတ်လပ်မှုနှင့် အစားအစာ မသန့်ရှင်းမှု ကြောင့် ဆန္ဒပြမှုဖြစ်ပွား....

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်း တစ်ခုအတွင်း ရေပြတ်လပ်မှုနှင့် အစားအစာ မသန့်ရှင်းမှု ကြောင့် ဆန္ဒပြမှုဖြစ်ပွားခဲ့သည်။

လင်းခေး (Lenggeng) ထိန်းသိမ်းရေးစခန်းအတွင်း ရေပြတ်လပ်မှုအပြင် စခန်းတာဝန်ရှိသူ များက အစာဟောင်း များကိုပြန်ကြွေးခြင်းကြောင့် ၀မ်းလျောဝမ်းပျက်ရောဂါ ဖြစ်ပွားခဲ့သည့်အတွက် ဆန္ဒပြကြခြင်း ဖြစ်သည်ဟု အထိန်း သိမ်းခံထားရသူတစ်ဦးက ယခုလိုပြောသည်။

“သောကြာနေ့က ၀မ်းတွေလျောကြတယ်။ အဲဒီနေ့က အဆောင်မှာ ကြက်သားဟင်း ကြွေးတယ်လေ။ ကြက်သားဟင်းစားကြပြီးတော့ အဆောင်လေးဆောင်စလုံးက အကုန် လုံးဖြစ်ကြတယ်။ မနက်ပိုင်း စားတဲ့ ကြက်သားဟင်းရည်က ညနေပိုင်းအထိ ဆက်ကြွေး တော့ ဟင်းရည်က အချဉ်ပေါက်ပြီးတော့ ၀မ်းလျောကြတာပေ့ါ။ အဆောင်လေးဆောင် စလုံးကလူတွေ အကုန်လုံးဖြစ်ကြတာ။”

ယင်းစခန်းမှာ မလေးရှားနိုင်ငံ၊ ဆလန်းဂွန်း(Selalgor)ပြည်နယ်၊ ကာဂျန်း(Kajang)မြို့နယ် အတွင်းတည်ရှိသည်။

လွန်ခဲ့သည့်သောကြာနေ့မှ စတင်၍ ယနေ့အချိန်ထိ ဆက်လက် ဆန္ဒပြနေဆဲဖြစ်ပြီး ယနေ့နံနက်က မလေးရှားရှိ ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များမဟာမင်းကြီးရုံး UNHCR နှင့် မြန်မာသံရုံးတို့မှ တာဝန်ရှိသူများရောက်လာ ခဲ့သော်လည်း ဆက်လက်ဆန္ဒပြနေဆဲ ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“ဒီနေ့မနက် ထမင်းမစားကြဘူး။ ဆန္ဒပြတာလည်း မပြီးသေးဘူး။ ဒီနေ့မနက်တော့ သံရုံးနဲ့ UNHCR နဲ့ လာသွားတယ်။ UNHCR ကကျနော်တို့ အဆောင်ပေါ်ကို တက်လာတယ်။ UN လက်မှတ်ရှိတဲ့သူတွေကို နံပါတ်လာကောက်သွားတယ်။ အဲတာပဲပြောသွားတယ် ကျန်တာ ဘာမှမပြောသွားဘူး။ သံရုံးကတော့ ကျနော်တို့ပြန်မယ့်လူတွေကို ဖောင်ဖြည့်ဖို့ အဲတာပဲလာပြောသွားတယ်။”

ယနေ့နံနက်က သောက်သုံးရေ ပြန်လည်ရရှိခဲ့သော်လည်း UNHCR နှင့် မြန်မာသံရုံးတို့မှ မည်သို့ဖြေရှင်းပေးမည် ကို မသိရသေးကြောင်း ဆက်ပြောသည်။

မလေးရှားနိုင်ငံ၏ တည်ဆဲဥပဒေအရ တရားမဝင်နိုင်ငံခြားသားဖမ်းဆီးရေးစီမံချက်ကို လွန်ခဲ့သည့် မေလက စ တင်ခဲ့ရာ ဖမ်းဆီးခံရသူများအနက် တရားဝင် နေထိုင်သူ များလည်း ပါ၀င်သည်ဟု မလေးရှားရှိ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်က ယခုလိုပြောသည်။

“ဒီကအေးဂျင့်တွေကနေ လှမ်းပြီးခေါ်လိုက်တယ်ပေ့ါနော်။ ဒီမှာသူတို့ရောက်လာတယ်။ ရောက်လာပြီး တော့ ဒီမှာ သူတို့က အငှားအေးဂျင့်တွေပေ့ါ။ ပါမစ်တော့ ရှိတယ်။ ဒီမှာ တရားဝင်နေထိုင်ခွင့်လည်း ရှိတယ်။ သို့သော်လည်းပဲ စက်ရုံမတူတဲ့အတွက် သူတို့ ဖမ်းဆီးခံရတဲ့သူ တော်တော်များများ အဲဒီထဲမှာ ရောက်နေတာ ရှိတယ်ခင်ဗျ။”

မလေးရှားနိုင်ငံတွင် နိုင်ငံခြားသားထိန်းသိမ်းရေးစခန်း ၁၀ ခုခန့်ရှိပြီး မြန်မာနိုုင်ငံသား အများစုမှာ လင်းခေးစခန်း ၌သာရှိတော့သည်ဟု စခန်းတွင်းနေထိုင်သူများက ပြောသည်။

စခန်းအတွင်းထိန်းသိမ်းခံထားရသူ နိုင်ငံခြားသားတစ်ထောင်ကျော်အနက် မြန်မာနိုင်ငံသား ၈၀၀ ခန့်ရှိသည်ဟု သိရသည်။

သောက်သုံးရေနှင့် အစားအသောက်ညံ့ဖျင်းမှု၊ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းမှု၊ စခန်းတွင်းကြာရှည် ထိန်း သိမ်းခံရမှုများကြောင့် ထိန်းသိမ်းရေးစခန်းများတွင် ယခုလို ဆန္ဒပြမှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်ဟု မြန်မာ နိုင်ငံသားများအရေး ဆောင်ရွက် နေသူများက သုံးသပ်ပြောဆိုကြသည်။

http://www.nmg-news.com/nmg/news140610.html

Most read this week