နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မွန်ပြည်သစ်နှင့် စစ်အစိုးရတို့ ထပ်မံတွေ့ဆုံမည်

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မွန်ပြည်သစ်နှင့် စစ်အစိုးရတို့ ထပ်မံတွေ့ဆုံမည်
by -
ဇော်ကြီး
မပြေလည်သေးသော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ (NMSP) နှင့် စစ်အစိုးရတို့ ယခုလ (၁၅) ရက်နေ့တွင် ထပ်မံဆွေးနွေးရန်ရှိ....

မပြေလည်သေးသော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ (NMSP) နှင့် စစ်အစိုးရတို့ ယခုလ (၁၅) ရက်နေ့တွင် ထပ်မံဆွေးနွေးရန်ရှိသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းကျေးရွာအခြေစိုက် စစ်ဗျူဟာ(၃) ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းဌေးဦးဆောင်၍ မွန်ပြည်သစ်အဖွဲ့ ခေါင်းဆောင်ပိုင်းကို ခေါ်ယူတွေ့ဆုံရန်  အရှေ့တောင်တိုင်းစစ်ဌာန ချုပ် (ရတခ) က အမိန့်ပေးထားသည်ဟု ကြားသိရကြောင်း မွန်ပြည်သစ်နှင့် နီးစပ်သူ တစ်ဦးက ယခုလို ပြော သည်။

“အရှေ့တောင်တိုင်းကနေပြီးတော့ ဒီကဗျူဟာမှူးကို အမိန့်ပေးလာတယ်။ ဘုရားသုံးဆူကိုလာဖို့။ လာ ပြီးတော့ ဒီမှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေကို နယ်ခြား စောင့်တပ်အဖြစ် လက်ခံဖို့ နောက်ဆုံး စကားပေ့ါဗျာ။ လက်မခံဘူးဆိုရင်တော့ သူတို့စစ်ရေးနဲ့ အရေးယူမယ် ဆိုတဲ့အကြောင်းကို ပြတ်ပြတ် သားသား လာပြော ခိုင်းတယ်။”

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်ချေးမွန်ကတော့ မည်သည့်ကိစ္စ ဆွေးနွေးမည်ကို တရားဝင် အကြောင်း ကြား လာခြင်းမရှိသေးကြောင်း ယခုလိုပြောသည်။

“ကျနော်တို့လည်းရထားတယ် အဲဒီကိစ္စလေ။ ကျနော်တို့ တခြားနေရာတစ်ခုက ရထား တယ်။ အစအ နတော့ရှိတယ်။ ဒါပေမယ့် သူတို့ဖက်ကတော့ ဘာမှမပြောလာ သေးဘူး ခင်ဗျ။ သူတို့ SPDC ဖက်က ဘာမှအကြောင်းမကြားလာသေးဘူး။”

မွန်ပြည်သစ်ပါတီ အနေဖြင့် ယခင် သဘောထားအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ၎င်းက ဆက်ပြော သည်။

“မွန်ပြည်သစ်သဘောထားကတော့ အပြောင်းအလဲ မရှိတော့ဘူးခင်ဗျ။ ကျနော်တို့ပြောထားတဲ့အတိုင်း ပဲ ရပ်တည်ကြမှာပါ။ ဒါပေမယ့် သူတို့ကလာပြီးတော့ လုပ်ပြီ ဆိုတော့လည်း ကျနော်တို့က ကာကွယ်ရ မှာပေ့ါ။”

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်းရေးကိုလက်မခံနိုင်ကြောင်း စစ် အစိုးရအား လွန်ခဲ့သည့် ဧပြီလကတည်းက ငြင်းဆို ခဲ့ပြီးဖြစ်သည်။

မွန်ပြည်သစ်ပါတီအနေနှင့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့် ပါတ်သက်၍ လူထု သဘောထားအတိုင်း ဆက် လက်ရပ်တည်သွားမည်ဟု မွန်ပြည်သစ်နှင့် နီးစပ်သူက သုံးသပ်ပြောဆိုသည်။

“သူတို့က ခနခနငြင်းထားတာပဲ။ နောက်ပြီးတော့ လူထုဆန္ဒခံယူထားတော့လည်း လက်မခံဖို့ပြောထား တယ်လေ။ အခုချိန်မှ အသွင်ပြောင်းရင်တော့ လူထုနဲ့ သူတို့နဲ့ ကွဲမှာပေ့ါ။”

မွန်ပြည်သစ်ပါတီ (NMSP) တပ်ဖွဲ့အား ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့သည်။

Most read this week