အစိမ်းရောင် နိုင်ငံသား စီစစ်ရေးကဒ်ကို လက်ခံရန် ငြင်းဆန် ကန့်ကွက်ရာမှ အစ္စလာမ် ဘာသာဝင် သုံးဦး ဖမ်းဆီးခံရ

အစိမ်းရောင် နိုင်ငံသား စီစစ်ရေးကဒ်ကို လက်ခံရန် ငြင်းဆန် ကန့်ကွက်ရာမှ အစ္စလာမ် ဘာသာဝင် သုံးဦး ဖမ်းဆီးခံရ
by -
မောင်အေး
စစ်အစိုးရ အာဏာပိုင်များမှ ထုတ်ပေးသော နိုင်ငံသား စီစစ်ရေး အစိမ်းရောင် ကဒ်ပြား အသစ်များကို လက်ခံရန် ကျေးရွာသားများ ငြင်းဆိုရာမှ အစ္စလာမ် ဘာသာဝင် ကျေးရွာ ခေါင်းဆောင် ၃ ဦးကို ရဲက ဖမ်းဆီးသွားကြောင်း သတင်း ရရှိ...

စစ်အစိုးရ အာဏာပိုင်များမှ ထုတ်ပေးသော နိုင်ငံသား စီစစ်ရေး အစိမ်းရောင် ကဒ်ပြား အသစ်များကို လက်ခံရန် ကျေးရွာသားများ ငြင်းဆိုရာမှ အစ္စလာမ် ဘာသာဝင် ကျေးရွာ ခေါင်းဆောင် ၃ ဦးကို ရဲက ဖမ်းဆီးသွားကြောင်း သတင်း ရရှိသည်။

“ဤကဒ်ကိုင်ဆောင်ထားသူသည် မည်သည့်အခါမှ နိုင်ငံသား အလျှဉ်း မဖြစ်စေရ” ဟု မြန်မာလို ရေးသားထားသော စာတန်းပါ နိုင်ငံသား စီစစ်ရေး ကဒ်ပြား အသစ် များကို လက်ခံရန် မူဆလင် ကျေးရွာသားများက ငြင်းဆိုရာမှ ကျေးရွာ ခေါင်းဆောင်များ ဖြစ်သည့် အလယ်တန်းပြ ကျောင်းဆရာ ဦးမောင်လှ၊ မော်လဘီ နုရ်ဘော်ချော နှင့် နုရ်ဟောက် သုံးဦးကို ရဲက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

ဇွန်လ ၆ ရက်နေ့က ကျောက်တော်မြို့နယ် ၀က်ခေါင်းအုပ်စု ပီစိကျေးရွာနှင့် ပိုက်သည်ကျေးရွာသို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများနှင့် ရဲတပ်ဖွဲ့ တဖွဲ့တို့ ရောက်ရှိ လာပြီး အဆိုပါ စာတန်းပါ အစိမ်းရောင် နိုင်ငံသား စီစစ်ရေး ကဒ်ပြား အသစ်များကို ထုတ်ပေးခဲ့သော်လည်း ကျေးရွာသားများက လက်ခံရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။

ကျေးရွာသား တဦးက “ ဇွန်လ ၆ ရက်နေ့မှာ လဝကနဲ့ ရဲတပ်ဖွဲ့ တဖွဲ့ ရောက်ရှိ လာပြီးတော့ အစိမ်းရောင်ကဒ် အသစ်တွေကို ထုတ်ပေးပါတယ်။ အခု ထုတ်ပေးတဲ့ ကဒ်အသစ် ဘေးနားမှာ “ဤကဒ်ကိုင်ဆောင်ထားသူသည် မည်သည့်အခါမှ နိုင်ငံသား အလျှဉ်းမဖြစ်စေရ” ဆိုပြီး ရေးသား ထားပါတယ်။ အင်္ဂလိပ်လို ရေးထား တာလည်း မဟုတ်ဘူး။ မြန်မာလို ရေးထားတာ ဆိုတော့ လူတိုင်း ဖတ်တတ်တယ်။ ကျွန်တော်တို့ ရွာက ဘယ်သူမှ လက်မခံလိုက်ဘူး။ အဲဒီနောက်ပိုင်းမှာ သူတို့ကို ဖမ်းခေါ် သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

နအဖ စစ်အစိုးရ အာဏာပိုင်များသည် ရွှေးကောက်ပွဲတွင် မဲထည့်နိုင်ရန် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များအား ယခင် ထုတ်ပေးထားသော အဖြူရောင် ဧည့်နိုင်ငံသား ကဒ်အစား နိုင်ငံသား အနီရောင် စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း လက်တွေ့တွင် အဆိုပါ ကဒ်များကို ထုတ်ပေးခြင်း မရှိဘဲ အစိမ်းရောင် ကဒ်များကိုသာ ထုတ်ပေးလာသည်ဟု သူက ပြောသည်။

“ ကျွန်တော်တို့ကို အစောပိုင်းက သူတို့ပြောတာက အဖြူရာင် ကဒ်တွေ အစား နိုင်ငံသား စီစစ်ရေး ကဒ် အနီတွေကို ထုတ်ပေး မယ်။ နိုင်ငံတော်က ဒီနှစ်ကျင်းပမဲ့ ရွေးကောက်ပွဲမှာ မဲထည့်နိုင်အောင် စီစဉ် ပေးမယ်။ အစိုးရ လိုလားတဲ့ ပါတီကို မဲထည့်ရမယ် ဆိုပီး ပြောထား ပါတယ်။ တကယ်တန်း ပေးလာတဲ့အခါ ခုလို အစ်ိမ်းရောင် ကဒ်တွေကိုသာ ထုတ်ပေးလာတာ ဖြစ်ပါတယ်။”

မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တွင်လည်း နအဖ အာဏာပိုင်များက များမကြာမှီ မြန်မာနိုင်ငံသား မူဆလင်ဟု အမည်ရေးထိုးထားသော ပန်းနုရောင် နိုင်ငံသား စီစစ်ရေး ကဒ်ပြားများ ထုတ်ပေးမည်ဟု ကျေညာထားသော်လည်း လက်တွေ့တွင် ယခုကဲ့သို့ အစိမ်းရောင် ကဒ်ပြားများ ထုတ်ပေးလာမည်ကို စိုးရိမ်မူ ရှိနေကြောင်း ဒေသခံ တဦးက ပြောသည်။

နအဖ စစ်အစိုးရသည် လက်ရှိ ရခိုင်ပြည်နယ်တွင် နေထိုင်နေသော ကမန်လူမျိုးမှ အပ တခြား အစ္စလာမ်ဘာသာဝင်များကို ဘင်္ဂလာဒေချ့်နိုင်ငံမှ ခိုးဝင်လာသူ ဘင်္ဂလီ လူမျိုးများ အဖြစ် အသိအမှတ်ပြုထားပြီး ဧည့်နိုင်ငံသား ကဒ်ပြားများကိုသာ ထုတ်ပေးနေသော်လည်း ဒေသခံ အစ္စလာမ် ဘာသာဝင်များကမူ ၎င်းတို့မှာ ဘင်္ဂလီများ မဟုတ်ကြဘဲ အာရပ်နိုင်ငံမှ ရောက်ရှိလာသော အာရပ် အနွယ်ဝင် ရိုဟင်ဂျာများ ဖြစ်ကြောင်း ပြောဆိုနေကြသည်။

Most read this week