မလေးရှားရောက် ရခိုင်များကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် UNHCR အား ဆန္ဒပြ တောင်းဆို

မလေးရှားရောက် ရခိုင်များကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် UNHCR အား ဆန္ဒပြ တောင်းဆို
by -
မင်းဆက်ခိုင်
မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင် အမျိုးသားများကိုလည်း တခြား မြန်မာ နိုင်ငံသားများကဲ့သို့ ဒုက္ခသည်များ အဖြစ် အသိအမှတ်် ပြုပေးရန် UNHCR အား ရခိုင်အမျိုးသားများက ယနေ့တွင် ဆန္ဒပြ တောင်းဆို...

မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင် အမျိုးသားများကိုလည်း တခြား မြန်မာ နိုင်ငံသားများကဲ့သို့ ဒုက္ခသည်များ အဖြစ် အသိအမှတ်် ပြုပေးရန် UNHCR အား ရခိုင်အမျိုးသားများက ယနေ့တွင် ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

တောင်းဆို ဆန္ဒပြပွဲကို မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူမြို့ရှိ UNHCR ရုံးရှေ့တွင် မလေးရှားရောက် ရခိုင်ဒုက္ခသည် ရ၀ ခန့်က ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြတောင်းဆိုရခြင်းနှင့် ပတ်သက်ပြီး ပါဝင်လှုပ်ရှားသူတဦးဖြစ်သူ ကိုမင်းမင်းထွန်းမှ ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ ဆန္ဒပြတောင်းဆိုရတာက မလေးရှားမှာရောက်ရှိနေကြတဲ့ ရခိုင်တွေကိုလည်း UNHCR ကနေပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးဖို့၊ မလေးရှား ထောင်တွေနဲ့ စခန်းတွေထဲမှာ ထိန်းသိမ်း ခံနေရတဲ့ ရခိုင် ဒုက္ခသည်တွေကို ဂရုတစိုက် စောင့်ရှောက်ပေးပြီးတော့ အမြန်ဆုံး လွှတ်မြှောက် ရေးကို ဆောင်ရွက်ပေးဖို့နဲ့ UNHCR ရုံးမှာ ရခိုင်ဘာသာပြန် ထားရှိပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။”

ဆန္ဒပြသူများကို UNHCR မှ တာဝန်ရှိသူများက မေးမြန်းမူများ ပြုလုပ်ခဲ့သည်ဟုလည်း သူက ပြောသည်။

“ UNHCR တာဝန်ရှိသူတွေက ဆန္ဒပြတဲ့ အထဲမှာ လူဘယ်နှစ်ယောက် ပါသလဲ။ ဘာကြောင့် ပြတာလဲ ဆိုပီး ကျနော်တို့ကိုမေးပါတယ်။ ပြီးတော့ အခု ဆန္ဒပြတဲ့အထဲမှာ ပါတဲ့ လူတွေရဲ့ နာမည်နဲ့တကွ စာရင်းအတိကျ ကောက်ယူသွားပါတယ်။ နောက် သူတို့ ပြောတာက အခုလာတဲ့ လူတွေပါ မလေးမှာ ရောက်နေတဲ့ ရခိုင် ဒုက္ခသည်တွေ အတွက်ပါ စဉ်းစားပေးမယ် ဆိုပြီးတော့ ပြောသွားပါတယ်။ ကျနော်တို့ကလည်း မလေးရှားမှာ ဒုက္ခရောက်နေကြတဲ့ ရခိုင်ဒုက္ခ သည်တွေအတွက် အချိန် ဆွဲမထားဘဲနဲ့ အမြန်ဆုံး ပြုလုပ်ပေးစေလိုကြောင်း၊ ပြီးတော့ တခြား လူမျိုးတွေကို ဆက်ဆံသလို ကျနော်တို့ ရခိုင်လူမျိုးတွေကိုလည်း တန်းတူ ရည်တူ ဆက်ဆံပေးဖို့နဲ့ ခွဲခြား မဆက်ဆံဖို့ကို ထပ်ပြီးတော့ တောင်းဆိုခဲ့ပါတယ်။” ဟု သူက ဆက်ပြောသည်။

မလေးရှား နိုင်ငံရှိ UNHCR သည် တခြား ချင်း၊ မွန်၊ ရှမ်း လူမျိုးများနှင့် ရိုဟင်ဂျာ ဆိုသူများကို ဒုက္ခသည် အဖြစ် အသိအမှတ် ပြုပေးနေသော်လည်း ရခိုင်နှင့် ဗမာများကို မူ အသိအမှတ်ပြုခြင်း မရှိဘဲ ခွဲခြား ဆက်ဆံနေသည်ဟု သိရသည်။

Refugee-in-Malaysia

တခြား ဒုက္ခသည် တဦးဖြစ်သူ ကိုဂိုးချေ ကလည်း“ မလေးရှားမှာ ရှိတဲ့ UNHCR ကတော့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ကမ္ဘာ့မှာ အကြီးဆုံး ယူအန် လက်အောက်ခံ အဖွဲ့အစည်း တခုဖြစ်ပါတယ်။ သူတို့လည်း နအဖ စစ်အစိုးရလို ဘာသာရေး လူမျိုးရေး ခွဲခြား ဆက်ဆံမူတွေကို ကျင့်သုံးနေပါတယ်။ နအဖကို ကျတော့ ဘာသာရေး လူမျိုးရေး ခွဲခြားမူ လုပ်တယ် ဆိုပီး စွပ်စွဲ ပြောဆိုပါတယ်။ သူတို့လည်း ကိုယ်တိုင် ဒါမျိုးတွေကို လုပ်နေတော့ UNHCR ဆိုတာ ဘာလဲ ဆိုတာကို မေးခွန်း ထုတ်လာ ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

လူပုဂ္ဂိုလ်အရ ဒုက္ခသည် ဖြစ်ထိုက် မဖြစ်ထိုက်ဆိုသည်ကို မစဉ်းစားဘဲ လူမျိုးအလိုက် ဒုက္ခသည် မဖြစ်ရဟု ဆုံးဖြတ်သော မလေးရှားရှိ UNHCR သည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကျေညာစာတန်းကို အကြီးအကျယ် ချိုးဖေါက်သော အဖွဲ့အစည်း ဖြစ်သဖြင့် တာဝန်ရှိသူများကို အပြစ်ပေး အရေးယူရန် မြန်မာ လူ့ အခွင့်အရေး ကြိုးစားသူများ အနေဖြင့် ဘက်မလိုက်ဘဲ ဆောင်ရွက်သင့်ကြောင်း သူက ဆက်ပြောသည်။

တောင်းဆိုဆန္ဒပြပွဲကို ယနေ့ နံနက် ၉နာရီ (ဒေသစံတော်ချိန်) မှ စတင်ပြီး ၁၀နာရီ ခွဲတွင် အဆုံးသတ်ခဲ့ကြသည်။

Refugees-Demonstration-in-Malaysia

ဆန္ဒပြတောင်းဆိုနေစဉ်တွင် မလေးရှား အာဏာပိုင်များရောက်ရှိလာကာ ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြတောင်း ဆိုကြရန် မှာကြားပြီး တစုံတရာ အနှောက်ယှက်ပေးခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုသည့်အတွက် ရခိုင်ဒုက္ခသည်များအား ခွဲခြားဆက်ဆံခြင်းများ မပြုလုပ်တော့ဘဲ တန်းတူရည်တူ ဆက်ဆံပြီး အသိမှတ်ပြု မခံရသေးသော ရခိုင်ဒုက္ခသည်များအား အသိအမှတ် ပြုလာလိမ့် မည်ဟု မျှော်လင့်ထားကြောင်း ကိုမင်းမင်းထွန်းက ပြောသည်။

Most read this week