ငွေကောက်ကြမ်း၍ ရေတပ် တပ်ကြီး ဓါးထိုးခံရ

ငွေကောက်ကြမ်း၍ ရေတပ် တပ်ကြီး ဓါးထိုးခံရ
by -
ခိုင်သိန်း
ရခိုင်ပြည်နယ် သံတွဲမြို့နယ် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ တပ်ကြပ်ကြီး တဦးကို ဒေသခံ ပြည်သူများထံမှ မတရား ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ လူငယ်တဦးက ဓါးနှင့်ထိုး ကြောင်း သတင်း ရရှိ....

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ တပ်ကြပ်ကြီး တဦးကို ဒေသခံ ပြည်သူများထံမှ မတရား ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ လူငယ်တဦးက ဓါးနှင့်ထိုး ကြောင်း သတင်း ရရှိသည်။

အဆိုပါ ဓါးထိုးမှုမှာ သပြုချိုင် စျေးတွင် ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဓါးထိုး ခံရသည့် ရေတပ်ကြပ်ကြီးမှာ ဌေးဦးဆိုသူ ဖြစ်ပြီး သပြုချိုင် စျေးတွင် လာရောက်စျေးဝယ်နေစဉ် ယခုကဲ့သို့ ဓါးထိုးခံရခြင်း ဖြစ်သည်။

ဓါးထိုးသူမှာ သံတွဲမြို့နယ် ဇရပ်တောင်ကျေးရွာနေ အဖ ဦးမောင်ရွှေသား ကိုလုံးမောင်ဖြစ်ပြီး ယခုအခါ ကိုမောင်လုံးမှာ တိမ်းရှောင်နေကြောင်း ဒေသခံများက ပြောသည်။

အဲဒီ တပ်ကြပ်ကြီး စျေးဝယ်နေတုန်းမှာ ကိုလုံးမောင်က နောက်ကနေ ဓါးနဲ့ ထိုးတာပါ။ သုံးချက် ထိုးတယ်။ ဒဏ်ရာ ဘယ်လောက် ပြင်းတယ်ဆိုတာတော့ မပြောနိုင်ဘူး။ ဆေးရုံကို ချက်ချင်း ယူသွားတယ်� ဟု ဆင်ခေါင်းကျေး ရွာသား တဦးက ပြောသည်။

ကိုလုံးမောင်ထံမှ လစဉ် အဆိုပါ တပ်ကြပ်ကြီးက ပင်လယ်ပြင်ထဲ ငါးဖမ်းခ အဖြစ် ငွေကောက်ခံသည့် အပေါ် မကျေနပ်၍ ဓါးနှင့် ထိုးခြင်း ဖြစ်ကြောင်း ကျေးရွာသားများက ပြောသည်။

တပ်ကြပ်ကြီး စျေးဝယ်စရာရှိတယ်ဆိုပီး ငွေလာတောင်းတယ်။ ကိုလုံးမောင်က ငါးဖမ်း မထွက်နိုင်တဲ့ အတွက် ငွေမရှိသေးဘူးလို့ ပြောတယ်။ အဲသလို မပေးနိုင်တဲ့ အပေါ် မချေမငံ ပြောတော့ ကိုလုံးမောင်လည်း အရှက်ရပီး စျေးထဲမှာ နောက်ကနေ ဓါးနဲ့ထိုးတာ ဖြစ်ပါတယ်။�

ဒေသအတွင်းရှိ ဆင်ခေါင်းကျေးရွာ၊ ဇရပ်တောင်၊ ခမောင်းတန်း၊ မြိုတောင် ကျေးရွာနှင့် တခြားကျေးရွာ သားများမှာ ရေလုပ်ငန်းဖြင့် အသက်မွေးကြပြီး သူတို့ အနေဖြင့် ပယ်လယ်ပြင်တွင် ထွက်၍ ငါးရှာခွင့် ရရန်အတွက် သပြုချိုင် ရေတပ်ကို ပိုက်ဆံ ပေးရသည်။

အဆိုပါ ဒေသမှ ရေလုပ်ငန်းလုပ်ကိုင်သည့် ငါးဖမ်းစက်လှေပိုင်ရှင်များ အနေဖြင့် စက်လှေတစီးလျှင် ကျပ်ငွေ ၁ သိန်းခွဲနှုန်းဖြင့် သပြုချိုင် အခြေစိုက် ရေတပ်စခန်းမှ ဗိုလ်ကြီး သောင်းရွှေအား ပေးရပြီး မပေးပါက ငါးဖမ်းခွင့် မရှိကြောင်း သိရသည်။

ငွေမပေးဘဲ ငါးဖမ်းသည့် စက်လှေပိုင်ရှင်များကို ရေတပ်စခန်းသို့ ဆင့်ခေါ်ပြီး ထိတ်တုံးခတ်ကာ ငွေပေးမှ ပြန်လွှတ် ပေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဓါးထိုးခံရသည့် တပ်ကြပ်ကြီး ဌေးဦးမှာ ယခုအခါ သံတွဲ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသ နေကြောင်း သိရသည်။

Most read this week