မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်ကို တကြိမ်တွေ့ဆုံရန် ကြိုးစားခဲ့တဲ့အတွက် သူ့ ဘဝ တဆစ်ချိုး အခုလို ပြောင်းလဲ သွားခဲ့လိမ့်မယ်လို့ အသက် ၂၅ နှစ်အရွယ် ကိုဘောဂဖြိုး တယောက် ကြိုတင် မတွက်ဆထားခဲ့တာ အမှန်ပါ။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ မွေးဖွားကြီးပျင်းလာခဲ့သူဖြစ်သော်လည်း စီးပွားရေးဘာသာရပ်ကို မုံရွာတက္ကသိုလ်တခုမှာ တက်ရောက်သင်ကြားနေစဉ် ပထမနှစ် စာမေးပွဲ ဖြေဆိုပြီး၊ ရွှေဘိုက မိဘအိမ် ပြန်ရောက်တာ ပူပူနွေးနွေးပင် ရှိသေးသည်။ အရပ်ထဲမှာ “ဒေါ်အောင်ဆန်းစုကြည်လာတယ်” ဆိုတဲ့ အသံကြားရလို့ ပြေးတွေ့ လိုစိတ်က ပြင်းပြခဲ့သည်။
၂၀၀၃ ခုနှစ်၊ မေလမှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဦးတင်ဦး တို့အဖွဲ့ မြန်မာပြည်အထက်ပိုင်း စည်းရုံးရေးခရီးစဉ် အတွင်း မုံရွာကို ရောက်ရှိလာမည်ဖြစ်သည်။ မုံရွာမြို့တွင်း လူထုအုံကြွမှုများ ဖြစ်လာမည်ဟုလည်း ဒေသခံအများအကြား သတင်းထွက်နေသည်။
“ငါအပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး။ မြင်ဖူးချင်တယ်” ဆိုသည့် စကားမဆုံးခင်မှာပင်၊ အိမ်မှာအသင့်ရှိနေသည့် ဆိုင်ကယ် ၂ စီးဖြင့် ကျောင်းနေဖက်လည်းဖြစ် အရင်းနှီးဆုံး သူငယ်ချင်း ၂ ယောက်နှင့် မုံရွာကို အပြေးနှင်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ကို ကြိုဆိုနေသူ ပြည်သူလူထုများ မုံရွာ ကားလမ်းမ တဖက်တချက်တွင် တွေ့မြင်ခဲ့ရသည်။
ညပိုင်း ၀၇းဝဝ နာရီခန့်တွင် မန္တလေးမှ ကျောင်းသားများကို တင်ဆောင်လာသည့် ကားတန်းများနှင့် အတူ ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလာတဲ့ ကားကို ၀န်းရံလာ သည့် ဆိုင်ကယ်တန်းက မြို့အဝင် စက်မှုဇုံ အကွေ့ကို ၀င်လာသည်။
“လာပြီ၊ လာပြီ” ဟူသည့် အသံများနှင့်အတူ လူထုအကြား ကြိုဆိုလက်ခုပ်သံများက ဆူညံနေသည်။ ယာဉ်တန်းကြီး ၀င်လာပြီး ရုတ်တရက် လျှပ်စစ်မီး ပြတ်တောက် သွားပြီး အမှောင်ကျသွားသည်။ သို့သော် မကြာပါ ပရိတ်သတ်များက ဖယောင်းတိုင်မီး ကိုယ်စီဖြင့် လမ်းကြောကို ထင်သာမြင်သာသည့် အလင်းပေးထားပြန်သည်။
“လူတွေ ရုန်းရုန်းနဲ့ ပွဲသွားကြည့်သလိုပဲ” ဟု ကိုဘောဂဖြိုးက ဆိုသည်။ ဆက်ပြီး “ဟာ….ငါအဲဒီမှာ အရမ်းကြည်နူးတယ်ကွာ။ မျိုးစု.. မျိုးစု ဆိုတဲ့အသံလေးနဲ့ အရမ်း ပျော်သွားတယ်”။ ထိုစဉ်က သုံးယောက်သား မြို့အဝင် စက်မှုဇုံအကွေ့တွင် ရပ်ကြည့်နေစဉ်က သူ၏ ခံစားချက်ကို ပြန်လည် ပြောပြနေသည်။
နောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ဇောတိက မှ ရွာသစ်ကို ဆက်ဆင်းသွားသည်။ ရွာသစ်သည် ဒီပဲယင်းမြို့နှင့် ၂ မိုင်ခန့်သာ ကွာဝေးသည်။
သူတို့သုံးယောက် ဆိုင်ကယ်ဖြင့် ထိုဒေသကို ခရီးဆက်သည်။ မုံရွာမြို့တွင် လူထုဆန္ဒပြပွဲများ ဖြစ်လာမည်ကို ကြိုတင် သတင်းကြားသိထားသည့် မိဘများက သား၊ သမီးများကို မုံရွာဘက် ခြေဦးမလှည့်ရန် တားမြစ်ထားသည်။
ရွာသစ် ရွာက ဆည်မြောင်းနှင့် မနီးမဝေးတွင် တံတားတခု ရှိသည်။ ထိုတံတားတွင် သံဆူးကြိုးများ တားထားသည်။ မလှမ်းမကမ်းမှာတော့ လူထုများက အဖြူရောင် အကျီများ ၀တ်ဆင်ထားကြသည်။ တဖက်တွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရှိသည်။
စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) အဖွဲ့ဝင်များလည်း လူထုများအကြား ရောနှော နေရာယူ ထားသည်။ သံဆူးကြိုး တားထားသည့်အတွက် ရှေ့မတိုးနိုင်သည့် ဆိုင်ကယ်နှင့် လူစုများလည်း ရှိနေသည်။ အချိန်က ညနေ ၀၅းဝဝ နာရီခန့် ဖြစ်သည်။
ထိုအချိန်တွင် ကိုဘောဂဖြိုး သည် လူထုများ တန်းစီနေသည့် နေရာ၏ ၆ တန်းမြောက်တွင် ရှိနေသည်။ သူ၏ ဘေးတွင်မူ ဆိုင်ကယ်တစီးနှင့် လူတချို့ရှိနေသည်။ ရှေ့ဆုံးတန်းက သံဆူးကြိုးနှင့် သူရှိနေသည့်နေရာက ခြေလှမ်း သုံးလှမ်းသာသာ ကွာဝေးသည်။
“မျှော်လင့် မထားဘူး။ အဲဒီအချိန်မှာပဲ ဒု-ဗိုလ်မှူးအဆင့်ရှိတဲ့ သူက သူ့ဘေးမှာရှိတဲ့ သုံးရစ်ကောင်ရဲ့ စတင်းဂန်း ကိုဆွဲချလိုက်တယ်.. ရှေ့က တတန်း ပြုတ်ကျ သွားတယ်။ အဲအချိန်မှာပဲ ….. ဝုန်းဝုန်းဝုန်း နဲ့တုတ်တွေ ကိုင်ထားတဲ့ လူတွေ ဝင်ရိုက်လာတယ်။ သေနတ်တွေနဲ့ ချိန်ပစ်လာတော့တာပဲ” ဟု လွန်ခဲ့သည့် ရ နှစ်က ဒီပဲယင်း လူသတ်ပွဲအကြောင်းကို စိတ်လှုပ်ရှားသည့် မျက်ဝန်းအစုံဖြင့် ပြန်လည် ပြောပြနေသည်။
ကိုဘောဂဖြိုး တယောက်၊ သေနတ်သံများ ဆူညံနေသည့်ကြားမှ ဆိုင်ကယ်ကို ဦးတည်ရာမဲ့ မောင်းထွက်ခဲ့သည်။ ရေခမ်းနေသည့် ချောင်းကို ဖြတ်ကျော်ခဲ့သည်။ မရေမတွက်နိုင်တဲ့ လယ်ကွင်းပြင်တွေကို လီဘာအရှိန်ပြင်းပြင်းဖြင့် ဖြတ်မောင်းလာခဲ့သည်။
ထိုမှတဆင့် အနီးအနားက အိမ်တအိမ်တွင် ၂ ရက်တိတိ ၀င်ရောက် ခိုအောင်း နေခဲ့သည်။
“ကျနော် အရမ်းခံစားရတယ်။ ကျနော့် သူငယ်ချင်း ပါသွားတယ်။ သူငယ်ချင်း မိဘတွေကလည်း ကျနော်တို့ ၂ ယောက်ကို ငါ့သားသေတာ မင်းတို့ကြောင့့်လို့ ပြောတယ်” ဟု စိတ်ထိခိုက်စွာ သူပြောပြသည်။
ဒီပဲယင်း အရေးအခင်းကြောင့် NLD ပါတီအဖွဲ့ဝင်များနှင့် ပါတီထောက်ခံသူ လူထုများ စုစုပေါင်း ရ၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ ကပင် ဒီပဲယင်း လူသတ်ပွဲကြီး ရ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။
သို့သော် စစ်အစိုးရ က လူ ၄ ဦးသေဆုံးကာ၊ ၅၀ ခန့် ဒဏ်ရာ ရရှိသည်ဟု ထိုအချိန်က တရားဝင် သတင်းထုတ်ပြန်ခဲ့သေးသည်။
ယခုလို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည့် ဒီပဲယင်း လူသတ်ပွဲ အဖြစ်ပျက်တွေကို ကိုဘောဂဖြိုး တဦးယောက်ကိုမှ ပြောမပြခဲ့ပါ။ ၆ နှစ်ကျော်ကြာ ရေငုံနှုတ်ပိတ် နေခဲ့သည်။ ပြန်လည်ပြောပြရန် ဆန္ဒရှိနေခဲ့သော်လည်း တစုံတရာ အကျိုးဆက်များ ဖြစ်လာမည်ကိုလည်း တဖက်က စိုးရိမ်နေခဲ့သည်။
ထိုဖြစ်စဉ်က ၎င်းတို့ ကျောင်းနေဖက် သူငယ်ချင်း ၂ ဦးကို သေခြင်းက တသက်တာ ကွဲကွာသွားစေခဲ့မည်ဟု မည်သူကမှ ကြိုတင် မသိခဲ့ပါ။ ယနေ့ထိတိုင် ကြေကွဲဖွယ် အတိတ်ရှိရာ ထိုအရပ်ကို သူ (ကိုဘောဂဖြိုး) ခြေဦးပင် မလှည့်တော့ပေ။
မိုးဦးရာသီ တက္ကသိုလ်၊ ကောလိပ်ကျောင်း၊ တွေ ပြန်ဖွင့်ချိန် ဒုတိယနှစ် တက်ရန် ကျောင်းအပ်သွားချိန်တွင်မူ ကျောင်းအပ်ခွင့် မရှိသည့် စာရင်းထဲတွင် သူ့နာမည် ပါနေသည့်အတွက် ကျောင်း သုံးနှစ် နားလိုက်ရသည်။
ထိုပညာသင်နှစ်တွင်၊ ၎င်းတို့တက္ကသိုလ်တွင် ပညာဆက်လက် သင်ယူခွင့် မရသည့် ဘဝတူ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၆၀၀ ထက်မနည်း ရှိသည်။
“ကျနော် ဘာဆက်လုပ် ရမလဲ ဆိုတာ မသိတော့ဘူး။ တွေဝေသွားခဲ့တယ်။ အိမ်ကိုလည်း မပြောရဲဘူး” ဟု ပြောဆိုနေစဉ်မှာပင်၊ စကားလုံးတွေက တလုံးချင်းသာ ထွက်လာသည်။
သူမြင်ဖူးချင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ယခုအချိန်တွေ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ်တွင် နေအိမ်အကျယ်ချုပ် ကျခံနေရသည်။
ဒီပဲယင်းအရေးအခင်းကြောင့် NLD ပါတီအဖွဲ့ဝင်များနှင့် ပါတီထောက်ခံသူ လူထုများ ရ၀ ထက်မနည်း သေဆုံးခဲ့ရသည်။ အခုဆို မေ ၃၀ရက်နေ့တွင် ဒီပဲယင်း အရေးအခင်း ရ နှစ် တင်းတင်းပြည့်သွားခဲ့ပါပြီ။
သူမြင်တွေ့လိုလှသည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရခဲ့ပါသည်။ ထိုအတွက်တော့ သူကျေနပ်သည်။ အချစ်ဆုံး သူငယ်ချင်းတယောက်ကို ဆုံးရှံုးခဲ့သည့်အပြင်၊ ပညာသင်ခွင့် ၃ နှစ် ပိတ်ပင်ခံခဲ့ရသည်။
နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါ၀င်ခဲ့ခြင်း မရှိခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သွားကြည့်ခဲ့သည့်အတွက် ပညာသင်ကြားခွင့် ဆုံးရှံုးခဲ့ရသည့် သူ့အဖြစ်ကို ယနေ့ထိတိုင် ကိုဘောဂဖြိုး နားမလည်နိုင် ဖြစ်နေသည်။
သို့သော် သူ့ဘဝကို တဆစ်ချိုး ပြောင်းလဲစေခဲ့သည့် ထိုဒီပဲယင်း အရေးအခင်းအပြီး နောက်ပိုင်းမှာ လူထုအကျိုးပြုလုပ်ငန်းတခုတွင် ကိုဘောဂဖြိုးတယောက်၊ တက်ကြွစွာ ပါ၀င်လုပ်ဆောင်နေဆဲ ဖြစ်သည်။