မယ်လဒုက္ခသည် စခန်းအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄ ဦးရှိ

မယ်လဒုက္ခသည် စခန်းအတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄ ဦးရှိ
by -
ဇော်ကြီး
ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၄ ဦးရှိ...

ထိုင်းမြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် ယခုနှစ်အတွင်း သေဆုံးသူ ၄ ဦးရှိသည်။

သွေးလွန်တုပ်ကွေးရောဂါကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် လေးဦးသေဆုံးသည်ဟု မယ်လ ဆေးရုံတာဝန်ခံ ဆရာစောနေဆဲက ပြောသည်။

“၂၀၁၀ ဇန်နဝါရီကနေပြီး မေအထိပေ့ါနော်၊ ကျနော်တို့ သွေးလွန်တုပ်ကွေးဖြစ်တဲ့လူနာက ၄ ယောက် သေတယ်။” ဟု ပြောသည်။

ယမန်နှစ်သြဂုတ်လမှစတင်၍ ယခုအချိန်အထိ ယင်းရောဂါဆက်လက်ဖြစ်ပွားနေပြီး ယမန်နှစ်က သေဆုံးသူ မရှိ သော်လည်း ယခုနှစ်အတွင်း သေဆုံးသူများအနက် ကလေးငယ်နှစ်ဦး ပါ၀င်သည်ဟု ၎င်းကဆက်ပြောသည်။

ယမန်နှစ် ဇူလိုင်လဆန်းမှစ၍ ဒီဇင်ဘာလအထိ ရောဂါဖြစ်ပွားသူ ၁၆၆ ဦးရှိပြီး ယခုနှစ် ဇန်နဝါရီလမှစ၍ မေလအ ထိ ၃၈၁ ဦးရှိသည့်အနက် သေဆုံးသူ ၄ ဦး ရှိခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါအား အဆင့်သုံးဆင့်သတ်မှတ်ထားပြီး ပထမ အဆင့်နှစ်ဆင့်ကို စခန်းတွင်း၌သာ ကုသ ပေးပြီး တတိယအဆင့်ရောက်သူများကို မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးနေသည်။

ခြင်ကိုက်ရာမှ ရောဂါဖြစ်ပွားရပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ထိရောက်သည့် ကာကွယ်မှုမျိုး မပေးနိုင်သလို စခန်းတွင်းနေထိုင်သူများ၏ ဗဟုသုတ နည်းပါးမှုကြောင့် ယခုလို ကြာရှည်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဆရာ စော နေဆဲက ပြောသည်။

“ဆေးဖျန်းတဲ့အဖွဲ့တွေက ကမ့်ထဲမှာဆေးဖျန်းတဲ့အချိန်မှာ ထိရောက်မှုတွေလည်း သိပ်ပြီးမှမရှိဘူးပေ့ါ။ တချို့ကလူထုတွေက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုး ကာကွယ်ရ မလဲဆိုတာ သူတို့မသိသေးဘူး။ ဥပမာ ခြင်ကိုက်တာက ဘယ်လိုမျိုးကာကွယ်ရမလဲပေ့ါ။”

ယခုနှစ် ခြောက်သွေ့ရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ရက်သတ္တ တစ်ပါတ်လျှင် ၂၀ ဦးခန့်ရှိပြီး မိုးရာသီတွင် ပိုဖြစ်လာနိုင်သဖြင့် စိုးရိမ်ရသည်ဟု စောနေဆေးက သုံးသပ်ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ် ရောဂါဖြစ်ပွားခဲ့စဉ်က သုံးလခန့်သာ ကြာမြှင့်ခဲ့ပြီး ထိရောက်သည့် ကာကွယ််မှုပြုလုပ် နိုင်ခဲ့၍ သေဆုံးသူမရှိခဲ့ပေ။

မယ်လဒုက္ခသည် စခန်းအတွင်း သွေးလွန်တုပ်ကွေးအပြင် ယခုကာလဝမ်းရောဂါ ဖြစ်ပွား သူ ၂၀ ကျော်ပြီး နှစ်ဦး မှာ အခြေအနေစိုးရိမ်ရသည်ဟု ဆေးရုံတာဝန်ခံက ပြောသည်။

Most read this week