ထိုင်းမြန်မာနယ်စပ်မှ ပြည်တွင်းသို့ ၀င်သည့် လိုင်စင်မဲ့ ကားများ ဖမ်းဆီးခံရ

ထိုင်းမြန်မာနယ်စပ်မှ ပြည်တွင်းသို့ ၀င်သည့် လိုင်စင်မဲ့ ကားများ ဖမ်းဆီးခံရ
by -
ဇော်ကြီး
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ရန်ကုန်သို့ တင်သွင်းနေသည့် တရားမဝင် လိုင်စင်မဲ့ကားများအား ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့ အဝင်ဂိတ်တွင် ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု မြဝတီမြို့ခံများက ပြော....

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ရန်ကုန်သို့ တင်သွင်းနေသည့် တရားမဝင် လိုင်စင်မဲ့ကားများအား ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့ အဝင်ဂိတ်တွင် ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု မြဝတီမြို့ခံများက ပြောသည်။

မြဝတီမြို့နယ်အတွင်းတာဝန်ကျနေသည့် ဗျူဟာ ၃၅၃ လက်အောက်ခံတပ်မှ မြဝတီနှင့် ကော့ကရိတ်အကြား ယာယီဂိတ်များဖွင့်ပြီး လိုင်စင်မဲ့ ကားများကို အခွန်ကောက်၍ လွှတ်ပေးနေသည့်အပေါ် ကော့ကရိတ်မြို့နယ်မှူးမှ မကျေနပ်သည့်အတွက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“အဲဒီနေပြည်တော်အဖွဲ့တွေ မလာခင် ဗျူဟာကပိုက်ဆံယူပြီးတော့ လွှတ်တဲ့ကိစ္စနဲ့ပတ်သက်လို့ မကျေ နပ်လို့ပေ့ါနော် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှူးကိုယ်တိုင် ဖမ်းပစ်လိုက်တာ ကား(၁၀)စီး။ ၂၇ ရက်နေ့က။”

ဖမ်းဆီးမှုများကို လွန်ခဲ့သည့်မေလ ၂၀ ရက်နေ့ခန့်မှ စတင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ဖမ်းဆီး ထားသည့် လိုင်စင်မဲ့ ကားအစီးနှစ်ဆယ်ခန့်ရှိသည်ဟု ၎င်းကဆက်ပြောသည်။

တရားမဝင် လိုင်စင်မဲ့ ကားများကို ဖမ်းဆီးနိုင်ရန် နေပြည်တော်မှ အထူးတပ်ဖွဲ့ တစ်ဖွဲ့လွန်ခဲ့သည့် သုံးရက်က မြဝတီမြို့သို့ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်။

ထိုအဖွဲ့မရောက်ရှိမီရက်ပိုင်းခန့်အလိုမှစ၍ ဒေသခံတပ်မှဖွင့်ထားသည့်ယာယီဂိတ်များကို ပြန်ရုတ်သိမ်းထားသည် ဟု သတင်းရရှိသည်။

ယင်း လိုင်စင်မဲ့ ကားများမှာ စစ်အစိုးရနှင့် အပစ်ရပ်အဖွဲ့၏ အမည်ခံပြီး ကုန်သည်များက ၀ယ်ယူအသုံးပြုနေကြ သည်ဟု အခြားမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“တချို့ကအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ အကြံအဖန်လုပ်ကြတာပေ့ါနော်။ အဲဒီလိုကား မျိုးတွေကို ဖမ်းတာ။ ရှင်းရှင်းပြောရရင်ဗျာ၊ ကျနော်က သူဌေး။ ကျနော် ၀ယ်တယ်။ ပြီးတော့ အဖွဲ့အစည်းကို အပ် ပေးလိုက်တယ်။ အဲတာ သူ့ကားပုံစံမျိုးနဲ့ လုပ်ပြီး အောက်ဆင်းတယ်။ အဲတာမျိုးတွေ။”

အာဏာပိုင်အဖွဲ့များအတွင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ ဝေစုမတည့်သည့်အခါများတွင် ယခုလို ဖမ်းဆီးမှုများရှိတတ်ပြီး ဖမ်းဆီးမှုကြောင့် ကားအရောင်းအဝယ်ထိုင်းသွားသည်ဟု ကားပွဲစားတစ်ဦးက ယခုလိုပြောသည်။

“တစ်ယောက်ကစားရ တစ်ယောက်က မစားရဘူး။ အဲလိုပေ့ါ။ ပိုင်တဲ့သူတွေတော့သွားနေကြတာပါပဲ။ ပိုက်ဆံပေးပြီးတော့ သွားလို့ရတယ်လေ။ ရတဲ့သူရ၊ မရတဲ့သူလည်း မရပေ့ါ။ တချို့ကဟိုလက်မှတ်တို့ တချို့ကဒီလက်မှတ်တို့ ကိုင်ထားတဲ့သူတွေပေ့ါ။ အောက်မှာ ကားဖမ်းသံကြားတော့ ဒီမှာ ကျနော့်ကား လည်း ရောင်းမထွက်တော့ဘူး။”

ကား၊ ဆိုင်ကယ်ပွဲစားများသည် လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကို ထိုင်းနိုင်ငံတွင် ၀ယ်ယူပြီး မြဝတီမှ တဆင့် ပြည်တွင်းသို့ တရားမဝင်သည့် နည်းအမျိုးမျိုးဖြင့် သယ်ယူ ပို့ဆောင်မှု များ ပုံမှန်ပြုလုပ်လျှက်ရှိသည်။

Most read this week