နယ်ခြားစောင့်တပ်ကိစ္စ ကျဆုံးသော်လည်း စစ်အစိုးရနှင့် ကေအို်င်အို ကြား တွေ့ဆုံနေဆဲ

နယ်ခြားစောင့်တပ်ကိစ္စ ကျဆုံးသော်လည်း စစ်အစိုးရနှင့် ကေအို်င်အို ကြား တွေ့ဆုံနေဆဲ
ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား အခြေစိုက် မြန်မာစစ်အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၌ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် စစ်အစိုးရကြား မေလ အတွင်း ဒုတိယအကြိမ်အနေဖြင့် ၃၁ ရက်နေ့က ထပ်မံ တွေ့ဆုံ...

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား အခြေစိုက် မြန်မာစစ်အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)၌ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် စစ်အစိုးရကြား မေလ အတွင်း ဒုတိယအကြိမ်အနေဖြင့် ၃၁ ရက်နေ့က ထပ်မံ တွေ့ဆုံခဲ့သည်။

ကေအိုင်အို (KIO) နှင့် မြန်မာစစ်အစိုးရကြား “နှစ်ဦးနှစ်ဘက် ချစ်ခင်ရင်းနှီးမှုအတွက် တွေ့ဆုံခြင်းဖြစ်တယ်” ဟု ဆွေးနွေးပွဲတက်ရောက်သူ ဒေါက်တာလဂျာမှ အစောပိုင်းက ပြောသည်။

နှစ်ဖက်ကြားညှိနှိုင်းလို့မရသည့် စစ်အစိုးရမှ KIO လက်အောက်ရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)အား နယ်ခြားစောင့်တပ်ပြောင်းလဲရေးကိစ္စကို အခုတွေ့ဆုံခြင်း၌ ထည့်ပြောခြင်း မရှိကြောင်းသိရသည်။

သို့သော်လည်း KIO ဘက်မှ “KIO တစ်ဖွဲ့လုံး (KIA တပ်အပါ၀င် ဌာန ၁၂ ခုကျော်) အသွင်ကူးပြောင်းရေးကိစ္စကို စစ်အစိုးရနှင့် ဆက်လက်ဆွေးနွေးရန်ဆန္ဒရှိုကြောင်း” ကို အစည်းဝေးတွင် ဆွေးနွေးတင်ပြခဲ့ကြောင်း KIO အရာရှိများပြောပါသည်။

တဖက်တွင်လည်း နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးခြင်း ကျဆုံးခဲ့ပြီးနောက် KIO ဖြစ်ချင်သည့်ဆန္ဒကို စစ်အစိုးရသို့ ထပ်မံတင်ပြရန် အခွင့်ပေးထားတဲ့အတိုင်း KIO က မိမိအဖွဲ့အတွင်း ဒေသအလိုက်သဘောထားဆန္ဒ နှင့် အကြံပြုချက်များကို ယခုကောက်ယူနေပြီး ၎င်းပေါ်အခြေခံ၍ မကြာမီ စစ်အစိုးရသို့ တင်ပြသွားရန်လည်းရှိကြောင်း KIO အရာရှိများပြောပါသည်။

မပခ အစည်းအဝေးသို့ ကချင်ပြည်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်း၊ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်၊ အမှတ်(၁) စက်မှုဝန်ကြီး ဦးအောင်သောင်းနှင့် KIO ဘက်မှ ဥက္ကဋ္ဌ ဇောင်းခရား၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာ နှင့် KIA တွဲဖက်စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် အပါအဝင် ဗဟိုအရာရှိများ တက်ရောက်ခဲ့သည်။

KIO တဖွဲ့လုံး အသွင်ကူးပြောင်းရေးကိစ္စကို မေ ၁၉ရက်နေ့တွင် ပထမအကြိမ် ဆွေးနွေးခဲ့ကြပြီး ယခုဒုတိယအကြိမ် ထပ်မံဆွေးနွေးခြင်းဖြစ်သည်။

ဒေါက်တာ လဂျာ၊ ကေအိုင်အို အထွေထွေအတွင်းရေးမှူး။ ဓါတ်ပုံ - ကချင်သတင်းဌာန

မြန်မာစစ်တပ် လက်အောက်ရှိ နယ်ခြားစောင့်တပ် ကို KIO မှ လက်မခံကြောင်းကို ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က စစ်အစိုးရ ရှင်းရှင်းလင်းလင်းသိလာခဲ့ပြီးနောက် အခုလို နှစ်ဘက်ကြား ခင်မင်ရင်းနှီးမှုခေါင်းစဉ်နှင့် တွေ့ဆုံခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ ဧရာဝတီမြစ် မြစ်ဆုံရေကာတာစီမံကိန်းဝန်းတွင် ဗုံးများပေါက်ကွဲပြီးနောက် စစ်အစိုးရမှ KIO အဖွဲ့ဝင်များ နှင့် ၎င်းနှင့်ပတ်သက်သည့် လူငယ်များအား မြစ်ကြီးနားတွင် ပိုက်စစ်တိုက်လိုက်ဖမ်းနေချိန် အခုလို နှစ်ဘက် တွေ့ဆုံခြင်းပြုလုပ်ပါသည်။

Most read this week