ဂုဏဝိသိဌပူဇာ မင်္ဂလာပွဲကို ရခိုင်အမျိုးသား အများစုက မျက်ကွယ်ပြု

ဂုဏဝိသိဌပူဇာ မင်္ဂလာပွဲကို ရခိုင်အမျိုးသား အများစုက မျက်ကွယ်ပြု
ရန်ကုန်မြို့ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် မေလ ၃၀ ရက်နေ့က ကျင်းပခဲ့သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ရခိုင် သံဃာတော်(၁၂) ပါးတို့အား ပူဇော် ကန်တော့သည့် ဂုဏဝိသိဌပူဇာ မင်္ဂလာပွဲကို ရန်ကုန်နေ ရခိုင်အမျိုးသား အများစုက မျက်ကွယ်ပြုခဲ့ကြသည်ဟု သတင်း ရရှိ...

ရန်ကုန်မြို့ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် မေလ ၃၀ ရက်နေ့က ကျင်းပခဲ့သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ရခိုင် သံဃာတော်(၁၂) ပါးတို့အား ပူဇော် ကန်တော့သည့် ဂုဏဝိသိဌပူဇာ မင်္ဂလာပွဲကို ရန်ကုန်နေ ရခိုင်အမျိုးသား အများစုက မျက်ကွယ်ပြုခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ မင်္ဂလာပွဲကို ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက် မုဒ်အနီး တည်ရှိသော ရခိုင်ပြည်နယ် ဓမ္မာရုံ တွင် မေလ ၃၀ ရက် တနင်္ဂနွေနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အမည် မဖေါ်လိုသူ ရခိုင်အမျိုးသား တဦးက “ အခမ်းအနားကို ရခိုင် ပြည်နယ် ဓမ္မာရုံ ထိန်းသိမ်း စောင့်ရှောက်ရေး ဂေါပကအဖွဲ့က နေပြီးတော့ ကြီးမှူး ကျင်းပတာ ဖြစ်ပါတယ်။ ဆရာတော်ကြီးတွေနဲ့ အခမ်းအနား ကျင်းပတဲ့ ကော်မီတီကို မလေးစား လို့တော့ မဟုတ်ပါဘူး။ နအဖ စစ်အစိုးရက ဘွဲ့ချီးမြှင့်တဲ့ ဆရာတော်တွေကို ကန်တော့ ပူဇော်ပွဲ ဖြစ်တဲ့ အတွက် ရခိုင်အမျိုးသား အများစုက မတက်ရောက်ဘဲ မျက်ကွယ် ပြုခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ပူဇော်ပွဲသို့ ရခိုင်အမျိုးသား အမျိုးသမီး စုစုပေါင်း ၂၀၀ ခန့်သာ တက်ရောက်ခဲ့့ပြီး သာမန် ဆွမ်းကျွေးပွဲ တပွဲသို့ တက်ရောက်သည့် လူအတိုင်းအတာ ပမာဏသာ ဖြစ်သည်ဟု သူက ပြောသည်။

“ ဒီလောက် နိုင်ငံတော် အစိုးရက ချီးမြှင့်ထားတဲ့ ဆုတွေကို ရရှိထားတဲ့ ဆရာတော် ၁၂ ပါးကို ပူဇော်တဲ့ပွဲမှာ လူ ၂၀၀ သာရောက်တယ်ဆိုတော့ အများစု ရခိုင်တွေက စိတ်မဝင်စားလို့ ဖြစ်ပါတယ်။ ပီးရင် ဒီဆုတွေဟာ နအဖ စစ်အစိုးရကို ထောက်ခံတဲ့ ဆရာတော်တွေကို ပေးလေ့ ပေးထရှိတဲ့ ဆုဖြစ်တဲ့အတွက် ရခိုင် အမျိုးသားတွေက စိတ်မဝင်စားတာ ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်မှာ ရခိုင် လူဦးရေက သန်းနီးပါး ရှိနေပါပြီ။ လူ ၂၀၀ သာရောက်တဲ့ အပေါ် စဉ်းစားကြည့်ရင် သိနိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

moz-screenshot

ယခု ပြုလုပ်သော ဂုဏဝိသိဌပူဇာ မင်္ဂလာပွဲမှာ ၂၃ ကြိမ်မြှောက်ဖြစ်ပြီး နအဖ စစ်အစိုးရနှင့် နီးစပ်သူ ရန်ကုန်ရောက် ရခိုင်များက နအဖ စစ်အစိုးရမှ ချီးမြှင့်သည့် ဆုတံဆိပ်တော်ရ ဆရာတော်များကို နှစ်စဉ် ပူဇော်သည့် ပွဲဖြစ်သည်။

နအဖ စစ်အစိုးရသည် ယခုနှစ်တွင် အမိန့်ကြော်ငြာ စာအမှတ်(၁/၂၀၁၀) ဖြင့် ရခိုင် ဆရာတော် ၁၂ ပါးအား အဆင့် မမြင့်သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ခဲ့သည်။

အခန်းအနားကို ရခိုင်စည်တော် တီးပြီး ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်း စောင့်ရှောက်ရေး ဂေါပကအဖွဲ့ (ရန်ကုန်မြို့) ဥက္ကဌ အဂ္ဂမဟာ သုဓမ္မ မဏိဇောတဓရ ဦးကျော်မင်းမှ ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ကောက်ခံရရှိထားသော အလှူငွေ သုံးသိန်းကိုး သောင်းကျော်ကို ဆရာတော်ကြီးများအား ဆပ်ကပ်လှူဒါန်းခဲ့ပြီး အဖွဲ့ နာယကကြီး ဒေါ်ထွန်းမေမှ ရတနာရွေမိုး ငွေမိုးရွာသွန်းပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

Most read this week