သန်းရွှေနှင့် ဒေါ်စုပုံပါသော မဲပြားများကို အမှတ်ခြစ်၍ ပြည်ပရောက် မြန်မာများ မဲပေးပြီ

သန်းရွှေနှင့် ဒေါ်စုပုံပါသော မဲပြားများကို အမှတ်ခြစ်၍ ပြည်ပရောက် မြန်မာများ မဲပေးပြီ
by -
မောင်အေး
မြန်မာ့ နအဖ စစ်အစိုးရမှ ယခုနှစ်တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လူပ်ရှားမူ အခမ်းအနား နေ့တွင် ရခိုင် အမျိုးသားများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုပုံပါသော မဲပြားများကို အမှတ် ခြစ်ပြီး မဲပေးခဲ့ကြ...

မြန်မာ့ နအဖ စစ်အစိုးရမှ ယခုနှစ်တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လူပ်ရှားမူ အခမ်းအနား နေ့တွင် ရခိုင် အမျိုးသားများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုပုံပါသော မဲပြားများကို အမှတ် ခြစ်ပြီး မဲပေးခဲ့ကြသည်ဟု သတင်း ရရှိသည်။

အဆိုပါ မဲပေးပွဲကို ဘင်္ဂလာဒေချ့် နိုင်ငံ ကော့ဘဇားခရိုင်ရှိ နွားရုံတောင် ကျေးရွာတွင် မေလ ၂၇ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

မဲပေးခဲ့သူ တဦးက “ မဲပြား တပြားတည်းမှာ အပေါ်က ဒေါ်စု ရုပ်ပုံပါတယ်။ အောက်မှာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံပါတယ်။ ရွှေးကောက်ပွဲကို ထောက်ခံရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံမှာ အမှတ်ခြစ်ရတယ်။ ရွှေးကောက်ပွဲကို မထောက်ခံရင် ဒေါ်စုပုံမှာ သွားပြီး အမှတ်ခြစ်ရပါတယ်။ ကိုယ်သဘောနဲ့ ကိုယ်ခြစ်ပီး လျို့ဝှက် မဲပုံးထဲမှာ ထည့်ရပါတယ်။ ရွှေးကောက်ပွဲကို မထောက်ခံတဲ့သူ များနိုင်ပါတယ်။ ကျွန်တော်တို့ ပြန်လာတဲ့ အထိတော့ မဲပုံးကို မဖွင့် သေးပါဘူး” ဟု ပြောသည်။

RWU-voting1

အဆိုပါ လှုပ်ရှားမှုကို နွားရုံတောင် ကျေးရွာရှိ ရခိုင်အမျိုးသား အဆောက် အဦးတွင် ဒက္ကား အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံးမှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသမီး အစည်း အရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက လူပ်ရှားမူ အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းကို ယခုကဲ့သို့ ပြောသည်။

“ နအဖ စစ်အစိုးရ ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်စေဖို့ ဦးတည်ပြီးလုပ်နေတဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အတွက် ကျမတို့ ပြည်သူ တရပ်လုံးက ဘယ်လို ရွေးကောက်ပွဲမျိုးကို လိုချင်သလဲ ဆိုတာကို ဆန္ဒခံယူပြီး ကမ္ဘာကြီးကို တင်ပြဖို့အတွက် ဒီလှုပ်ရှားမှုကို ပြုလုပ် ရတာဖြစ်တယ်” ဟု ပြောသည်။

RWU-voting3

အဆိုပါ လှုပ်ရှားမှုတွင် ပြည်ပရောက် ရခိုင်အမျိုးသား အမျိုးသမီးများနှင့် ဒေသခံ ရခိုင်ကျောင်းသား လူငယ်များ စုစုပေါင်း ၁၀၀ ခန့် တက်ရောက် ခဲ့ပြီး တက်ရောက်သူ သုံးလေးဦးမှ ရွှေးကောက်ပွဲကို ထောက်ခံမဲ ပေးခဲ့ပြီး အများစုက ကန့်ကွက် မဲ ပေးခဲ့ကြသည်ဟု ဒေါ်မြရာဇာလင်းက ပြောသည်။

ယခုကဲ့သို့ ဆန္ဒမဲ ကောက်ယူခြင်းဖြင့် တစုံတရာ အတိုင်းအတာထိ မျော်လင့်ချက် ရှိကြောင်းလည်း ဒေါ်စော မြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“ အခုလို ကိုယ့်ဆန္ဒကို ဖော်ထုတ်ပြသတာကို သတင်းဌာနတွေက တဆင့် ပြည်သူတွေ သိသွားမယ်။နောက်ပြီး ကျမတို့အခြေစိုက်တဲ့ ဘင်္ဂလာအစိုး ရကိုလည်း ဒီမဲတွေဟာ ပြည်သူတွေရဲ့ အမှန်တကယ် ဆန္ဒဖြစ်တယ်။ ဒါကြောင့် မြန်မာစစ်အစိုးရကို အိမ်နီးချင်း အစိုးရ တရပ်အနေနဲ့ ဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန် အသွင်ကူးပြောင်းနိုင်အောင် ဖိအား ပေးပါလို့ ကျမတို့ ဆက်ပြီး တောင်းဆို သွားမယ်။ ကမ္ဘာကြီးကဝိုင်းပြီး ဖိအား ပေးလာတဲ့အချိန်မှာ နအဖ စစ်အစိုးရကလည်း သူတို့ပြုလုပ်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဖြေကို ဆိုဖို့ ခက်ခဲ လာလိမ့်မယ်လို့ ကျမနေနဲ့ ယုံကြည်တယ်။”

RWU-voting4

ယခု လှုပ်ရှားမူကို မေလ ၁၄ ရက်နေ့မှ စတင်ပြီး ဘင်္ဂလာဒေ့ချ်နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရာဘင် ၊ လာမား၊ အလယ်ခေါ်တောင် မြို့နယ်များတွင် ရောက်ရှိနေထိုင်ကြသည့် ရခိုင် အမျိုးသားများ ဆန္ဒများ ကိုလည်း ကောက်ခံထားပြီး စုစုပေါင်း ဆန္ဒမဲပေါင်း ၅၇၉ မဲ ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

 

Most read this week