တိုကင် အကြွေများကို ပြန်လက်မခံ၍ သုံးစွဲသူများ ဒုက္ခရောက်

တိုကင် အကြွေများကို ပြန်လက်မခံ၍ သုံးစွဲသူများ ဒုက္ခရောက်
by -
မောင်အေး
မောင်တောမြို့နယ်တွင် စျေးဆိုင်များမှ ငွေအကြွေ အစား ထုတ်ပေး ထားသော တိုကင် ပြားများကို သုံးစွဲသူများထံမှ ပြန်လည် လက်မခံသဖြင့် ပြည်သူများ အခက်အခဲနှင့် ကြံုတွေ့နေရကြောင်း သိရှိရ....

မောင်တောမြို့နယ်တွင် စျေးဆိုင်များမှ ငွေအကြွေ အစား ထုတ်ပေး ထားသော တိုကင် ပြားများကို သုံးစွဲသူများထံမှ ပြန်လည် လက်မခံသဖြင့် ပြည်သူများ အခက်အခဲနှင့် ကြံုတွေ့နေရကြောင်း သိရှိရသည်။

ထုတ်ပေးထားသည့် တိုင်ကင်များကို လက်မခံသဖြင့် ပြည်သူများ အခက်ကြံုတွေ့နေရကြောင်းကို မောင်တောမြို့ခံတဦးက ယခုကဲ့သို့ ပြောသည်။

“ထုတ်ပေးထားတဲ့ တိုကင်တွေကို ဆိုင်တွေ လက်မခံတော့ဘူး။ တိုကင် တွေကို အတု လုပ်တယ်ဆိုပီး သတင်းတွေ ထွက်လာတဲ့ နောက်ပိုင်းမှာ ခုလို ဆိုင်တွေက ထုတ်ပေးထားတဲ့ တိုကင်တွေကို လက်ခံဖို့ ငြင်းပယ်လာတာ ဖြစ်ပါတယ်။ ဆိုင်တွေက ထုတ်ပေးထားတဲ့ တိုကင်ကို သုံးစွဲသူတွေက ဆင်းရဲတဲ့ မိသားစုတွေနဲ့ စျေးသည်တွေဆိုတော့ သူတို့ကို ပိုပြီး ထိခိုက်စေပါတယ်။”

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့နယ် မောင်တောတွင် ငွေအကြွေ အထူးရှားပါးနေသဖြင့် ငွေစက္ကူ ၂၀၀၊ ၁၀၀ တန်နှင့် ၅၀ ကျပ်တန် အစား တိုကင်များကို ဆိုင်များမှ ရိုက်နှိပ်ပြီး သုံးစွဲနေကြသည်။ ထိုသို့ သုံးစွဲခြင်းကို သက်ဆိုင်ရာမှ နားလည်မူဖြင့် ခွင့်ပြုထားသည်ဟု သိရသည်။

“ခုလို တိုကင်တွေကို ငွေစက္ကူအစား အသုံးပြုနေတာက လေးနှစ် ငါး နှစ်ခန့်တောင် ရှိနေပါပြီ။ ငွေစက္ကူ အကြွေတွေက စုတ်ပြတ်သတ်ပြီး လုံးဝ ရှားပါးနေတဲ့ အတွက် စျေးဝယ်တဲ့အခါ အဆင်ပြေအောင် တချို့ဆိုင်တွေက တိုကင်တွေကို အာမခံနဲ့ ထုတ်ပေးပြီး သုံးစွဲနေကြတာ ဖြစ်ပါတယ်။ အခုတခါ တိုကင် အတုတွေ ထွက်တယ်။ ဆိုင်တွေကလည်း လက်မခံဘူး ဆိုတော့ သုံးစွဲသူတွေ အထူး အခက်ကြံုနေကြရပါတယ်။”

တချို့ဆိုင်များမှာ တိုကင်များ သိန်းရာချီပြီး ထုတ်ပေးထားသဖြင့် တိုကင်များကို ပြန်လှဲပေးရမည် စိုးရိမ်ကာ ဆိုင်များကို လုံးဝ ပိတ်ထားပြီး ရှောင်ပုန်းနေကြသည်ဟု သိရသည်။

တိုကင်ပြားများကို ပြန်လက်မခံဘဲ ပိတ်သွားသော ဆိုင်များမှာ မောင်တောမြို့ ရပ်ကွက် ၂ မှ ကုန်စုံဆိုင် တခုနှင့် ရပ်ကွက် ၄ မှ ဖိနပ်ဆိုင် တဆိုင်တို့ ဖြစ်ပြီး Zee Zafe ကော်ဖီဆိုင်မှာလည်း ယခုအခါ တိုကင်များကို လုံးဝ လက်မခံကြောင်း မြို့ခံများက ပြောသည်။

ယခုကဲ့သို့ ထုတ်ပေးထားသည့် တိုကင်များအား ပြန်လည် လက်မခံသည့် အတွက် ကုန်စိမ်းသည် အများအပြားမှာ နစ်နာရကြောင်း စျေးသည် အမျိုးသမီး တဦးကလည်း ယခုကဲ့သို့ပြောသည်။

“ကျမတို့ဆီမှာ စျေးဝယ်ကြတဲ့ လူတွေက အများအားဖြင့် ၁၀၀ တန် ၂၀၀ တန် တိုကင်တွေနဲ့ လာဝယ်ကြတယ်။ အဲဒီ တိုကင်တွေကို တချို့ နေရာတွေက ပြန်လှဲလို့ ရတယ်ဆိုပီး လက်ခံထားလိုက်တယ်။ နေ့တိုင်းလည်း တိုကင်တွေနဲ့ ရောင်းဝယ်နေကြတော့ တိုကင်တွေကို အများကြီးရတဲ့ အခါ ထုတ်ပေးတဲ့ ဆိုင်တွေကို သွားလှဲမယ်ဆိုပီး စုထားတဲ့ သူတွေလည်း ရှိတယ်။ အခုက တိုကင်တွေကို သုံးလို့မရတော့ဘူး ဆိုတော့ ကုန်စိမ်းရောင်းသူတွေ အထူး နစ်နာ ကုန်ကြရပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ တိုကင်များကို ပြန်လက်မခံသည့် အပြင် ဆိုင်များကိုပါ ပိတ်ထားသည့်အတွက် မြို့လူထုမှာ ဒေါသ ထွက်နေကြကြောင်းနှင့် ယခု ကိစ္စ အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများလည်း တစုံတရာ ၀င်ရောက် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း အဆိုပါ အမျိုးသမီးမှ ပြောသည်။

မြန်မာ နအဖ စစ်အစိုးရမှ ငွေအကြွေရှားပါးမူကြောင့် စျေးဝယ် စျေးရောင်းရာတွင် လူထုများ အထူး ဒုက္ခရောက်ကြရသဖြင့် ငွေကြွေ အသစ်များကို လှဲလှယ် ထုတ်ပေးနေပြီ ဖြစ်ကြောင်း ကျေညာသော်လည်း နယ်ဒေသများတွင် ငွေအကြွေ အသစ်များကို လှဲလှယ် ထုတ်ပေးခြင်း မရှိကြောင်း စုံစမ်း သိရှိရသည်။

Most read this week