စစ်တွေမြို့တွင် ကဆုန် ညောင်ရေသွန်းပွဲနှင့် ရခိုင်ရိုးရာ ရွှေလောင်း(လှေ) ငါးရှင်လွှတ်ပွဲ ကျင်းပ

စစ်တွေမြို့တွင် ကဆုန် ညောင်ရေသွန်းပွဲနှင့် ရခိုင်ရိုးရာ ရွှေလောင်း(လှေ) ငါးရှင်လွှတ်ပွဲ ကျင်းပ
by -
နှောင်းလူ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကဆုန် ညောင်ရေသွန်းပွဲတော်နှင့် ရခိုင်ရိုးရာ ရွှေလောင်း(လှေ) ငါးရှင်လွှတ်ပွဲကို မေလ ၂၇ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပ...

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကဆုန် ညောင်ရေသွန်းပွဲတော်နှင့် ရခိုင်ရိုးရာ ရွှေလောင်း(လှေ) ငါးရှင်လွှတ်ပွဲကို မေလ ၂၇ ရက်နေ့က စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါပွဲတော်ကို စစ်တွေမြို့ရှိ သမိုင်းဝင် လက်ဝဲသလုံးတော်ဓါတ် စေတီတော်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

မြို့ခံ တဦးက “ စစ်တွေမြို့ အဝင်ကား ၀င်ဂိတ်မှ အလွန် လမ်းခွဲကြားကနေ လက်ဝဲသလုံး တော်ဓါတ် စေတီတည်ရှိတဲ့ လမ်းခွဲ အဝထိ ပွဲတော်ကို လာကြတဲ့ သူတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကား ခဲ့ပါတယ်။ ပွဲတော်အနီးအနား တဝိုက်မှာ ကား၊ ဆိုက်ကယ်၊ taxi နဲ့ ဆိုက်ကားတွေနဲ့ ပြည့်ကျပ် နေခဲ့ ပါတယ်” ဟု ပြောသည်။

ရွှေလောင်း(လှေ) မျောပွဲနှင့် ငါရှင်လွှတ်ပွဲကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့တွင် ကဆုန် ညောင်ရေ သွန်းပွဲ နှင့်အတူ စစ်တွေတွင် ကျင်းပလေ့ ရှိသည်။ ယခုနှစ် မြန်မာ သက္ကရာဇ်တွင် မေလ ၂၇ ရက်နေ့မှာ နံယုန်လပြည့် ဖြစ်သော်လည်း ရခိုင်သက္ကရာဇ်တွင်မူ ကဆုန် လပြည့်နေ့ ဖြစ်နေ သဖြင့် မေလ ၂၇ ရက်နေ့တွင် ပွဲတော်အား ကျင်းပခြင်းဖြစ်သည်။

ပွဲတော် ကျင်းပပုံနှင့် ပတ်သက်ပြီး စစ်တွေ မြို့ခံက ယခုကဲ့သို့ ပြောသည်။

“ ပွဲတော်ကို ကဆုန်လပြည့်နေ့မတိုင်မှီ တရက် အလိုမှာ အရှည် ၁၅ ပေခန့် ရှိတဲ့ ရွှေလောင်း(လှေ) အတွင်းမှာ ရေတွေကို အမွှေးနံ့သာရည် တွေနဲ့ ရောထည့်ထားပြီး လေးဘီးတပ် စင်ပေါ်တင်ပြီး မြို့ကိုလည်ပြီး အပူ ဇော်ခံကြ ပါတယ်။ အဲဒီရွှေလောင်းလှေဆိုတာကတော့ လှေကို ရွှေရောင် စက္ကူတွေနဲ့ အလှဆင်ထားတာ ဖြစ်ပါတယ်။ မြို့သူ မြို့သားတွေ အကုန်လုံး ကောင်းမူ ကုသိုလ် ပြုလုပ်နိုင်အောင် ရည်ရွယ်ချက်နဲ့ စီစဉ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ မြို့သူ မြို့သားတွေက ငါးရှင်တွေကို ၀ယ်ယူပြီး အဲဒီ ရွှေလောင်းထဲမှာ ထည့်ကြရပါတယ်။ အဲဒီ မြို့သူ မြို့သားတွေ လွှတ်လိုက်တဲ့ ရွှေလောင်းထဲက ငါးတွေနဲ့ အဲဒီ ရွှေလောင်းလှေကို နောက်တနေ့ ကဆုန်လပြည့်နေမှာ စစ်တွေ ကန်တော်ကြီးထဲမှာ လှေကို မျှောလိုက်ပြီး ငါးရှင်တွေကို ရေထဲ လွှတ်လိုက်ပါတယ်” ဟု ပြောသည်။

ရွှေလောင်း(လှေ)၏ ဦးထိပ်တွင် ရခိုင်ရိုးရာတရားပွဲကို ဆင်ယင်ထားပြီး လောင်း(လှေ)ထဲတွင် အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်း ပူဇော် ထားသည်ဟု သိရသည်။

“မြို့ကို ရွှေလောင်းလှေနဲ့ လှည့်လည် နေတုန်း ငါးရှင်တွေ ထည့်ထားတော့ ငါးတွေက သေကုန်တာတွေရှိပါတယ်။ ဒါကြောင့် ခုနောက်ပိုင်းမှာ နံသာရည်တွေထည့်ပြီးတော့ အပူဇော်ခံတယ်။ ဘုရားရင်ပြင်ပေါ်ကိုရောက်မှပဲ ငါးရှင်တွေကို ရွှေလောင်းလှေထဲကို ထည့်ခွင့် ပြုတယ်”ဟု ကျင်းပရေးကော်မတီ တာဝန်ရှိသူတဦးမှလည်း ဖြည့်စွက် ပြောသည်။

အဆိုပါပွဲကို လက်ဝဲသလုံးတော် ဓါတ်စေတီ ဂေါပကအဖွဲ့က ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး စစ်တွေမြို့ မောလိပ်ရပ်ကွက် ဒေသခံများက အဓိက ဦးဆောင်ကျင်းပရာတွင် ပါ၀င်ကြသည်ဟု သိရသည်။

ငါးရှင်ရောင်းသူ တဦးကလည်း “ငါးရှင်တွေကတော့ တော်တော် အရောင်းကောင်းပါတယ်။ ရခိုင်လူထုက ဆင်းရဲတယ် ဆိုပေမယ့် ခုလို အလှူမျိုး ဆိုရင် အလှူရေစက် လက်နဲ့ မကွာဆိုသလို ပါဘဲ။ ငါးရှင် ၁၀ကောင်ဆိုရင် ၂၀၀ ကျပ်၊ အကောင် ၃၀ကို ၅၀၀ကျပ်နဲ့ ရောင်းပါတယ်။ လိပ်တွေ ကျတော့ အရွယ်အစားလိုက် စျေးနှုန်းကြည့်ပြီး ရောင်းပါတယ်။ အားလုံး ရောင်းကုန်ပါတယ်” ဟု ပြောသည်။

Goutam-Buddha-took-place-2553

လူကြီး လူငယ်ဘုရားဖူးသူများ၊ ငါးရှင်လွှတ်သူများ၊ ဆုတောင်းသူများနှင့် အပန်းဖြေသူများဖြင့် ကဆုန်လပြည့်နေ့က စည်ကားနေသလို လက်ဝဲ သလုံးတော် ဓါတ်စေတီတွင် ရေချမ်းအိုးများ၊ ဆီမီးများ၊ အမွှေးနံ့သာများ ပြည့်နှက်နေခဲ့သည်ဟု သိရသည်။

ငါးရှင်လွှတ်ပြီး ဆုတောင်းခဲ့သူ အမျိုးသမီး တဦးကလည်း “ ကျွန်မ အပါအဝင် ရခိုင် လူမျိုးတွေပေါ့နော် အခုအခါ အထူး ဒုက္ခရောက်နေကြရတယ်။ အလုပ်အကိုင်တွေလည်း ဘာတခုမှ အဆင် မပြေ ကြဘူးလေ။ ဒါကြောင့် ခုလို တွေ့နေရတဲ့ အခက်အခဲတွေက အမြန်ဆုံး လွှတ်မြောက်ဖို့ ကျွန်မ ငါးရှင် လွှတ်ပြီး တောင်းဆု ပြုခဲ့ပါတယ်” ဟုပြောသည်။

စစ်တွေတွင် မိုးသည်းသည်းမဲမဲ ရွာသွန်းနေခဲ့သော်လည်း ရွှေလောင်း(လှေ) လှည့်လည် အပူဇော်ခံစဉ်နှင့် ကဆုန်ညောင်ရေသွန်း ပွဲနေ့ အခမ်းအနားတွင် ရာသီဥတု သာယာပြီး မိုးရွာခြင်း မရှိကြောင်း သိရသည်။

Goutam-Buddha-took-place

သို့အတွက် ရခိုင်နာမည်ကြီးအဆိုတော်များဖြစ်ကြသည့် ကိုဦးမောင်သိန်း၊ ကိုဦးကျော်လှ၊ စောနှင်းနွယ်၊ ရီလှိုင်းပြာ၊ ငြိမ်းစန္ဒာ နှင့် ၀ါသနာရှင် အဆိုရှင်ကြီးများနှင့် လူငယ်များက မိုနိုတီးဝိုင်း တခုဖြင့် လာရောက်ပြီး ပွဲတော်လာသူများအား ဖြေဖျော်ခဲ့ကြသည်ဟု သိရသည်၊

ရွှေလောင်း(လှေ)ကို ငါးရှင်များနှင့် အတူ ကဆုန် လပြည်နေ့ ညနေ ၅နာရီတွင် ကန်တော်ကြီး ထဲသို့ ပွဲကျင်းပရေး ကော်မတီနှင့် မြို့သူမြို့သား များက မျောလွှတ်လိုက်ကြပြီး ပွဲအခမ်းအနားအစီအစဉ်ကို အဆုံးသတ်လိုက်ကြသည်ဟု သိရသည်။

Most read this week