တရုတ်သမ္မတအား မြစ်ဆုံရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းပေးရန် တောင်းဆို

တရုတ်သမ္မတအား မြစ်ဆုံရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းပေးရန် တောင်းဆို
ကချင်ပြည်နယ် မြစ်ဆုံရေကာတာတည်ဆောက်မှု ရပ်ဆိုင်းပေးရန် တရုတ်သမ္မတကြီး ဟူကျင်တောင်အား ကချင်လူမှု ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG)မှ အိပ်ဖွင့်စာတစ်စောင်ကို ယနေ့ ပေးပို့ခဲ့....

ကချင်ပြည်နယ် မြစ်ဆုံရေကာတာတည်ဆောက်မှု ရပ်ဆိုင်းပေးရန် တရုတ်သမ္မတကြီး ဟူကျင်တောင်အား ကချင်လူမှု ဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ (KDNG)မှ အိပ်ဖွင့်စာတစ်စောင်ကို ယနေ့ ပေးပို့ခဲ့သည်။

တရုတ်သမ္မတကြီး ဟူကျင်တောင် နှင့် တရုတ်အစိုးရမှတာဝန်ယူတည်ဆောက်မည့် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ တည်နေရာ။

တရုတ်အစိုးရမှ တာဝန်ယူတည်ဆောက်နေသော မြစ်ဆုံရေကာတာကြောင့် ကျေးရွာများအား အတင်းအကြပ်ပြောင်းရွှေ့ခြင်း၊ ဖျက်ဆီးခြင်းကို ချက်ချင်းရပ်တန့်ပေးပါရန် ကချင်လူထုဖွ့ံဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးအသင်း (KDNG)က တောင်းဆိုခြင်းဖြစ်သည်။

“စစ်အစိုးရအနေနဲ့ တန်ဖရဲ ကျေးရွာကို ကချင်ပြည်နယ်သားတွေကို အတင်းအဓမ္မလုပ်အားပေးခိုင်းပြီး ဖျက်ဆီးခိုင်းတယ်၊ တရုတ်အစိုးရအနေနဲ့ ဒီရေကာတာတည်ဆောက်ခြင်းကို ဆက်လက်ပြီးမလုပ်ဆောင်သင့်ဘူး ဆိုတဲ့ အကြောင်းကိုအသိပေးချင်လို့ဖြစ်တယ်”ဟု ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ တာဝန်ခံ မအားနန်ကပြောသည်။

ဤရေကာတာ၌ တရုတ်အစိုးရပိုင် တရုတ်နိုင်ငံစွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း (CPI)က အဓိကရင်းနှီးမြှပ်နှံထားပြီး ရေကာတာစီမံကိန်း ၌လည်း တာဝန်ယူဆောင်ရွက်နေသည်။

စစ်အစိုးရမှ ၎င်းရေကာတာ အနီးတဝိုက်ရှိ ကျေးရွာများကို မေလမကုန်မီ ပြောင်းရွှေ့ခိုင်း ခဲ့သော်လည်း ဒေသခံရွာသားများပြောင်းရွှေ့မှု မပြုလုပ် ခဲ့ပါ။ အကယ်၍ ဒေသခံများ ပြောင်းရွှေ့ရန်ငြင်းဆန်နေပါက ထိုကျေးရွာရှိ အိမ်များ၊ စာသင်ကျောင်းများနှင့် ဘုရားကျောင်းများကို ဖျက်ဆီးပစ် ရမည်ဟုလည်း စစ်အစိုးရမှ အမိန့်ပေးခဲ့သည်။

၎င်းဒေသခံများက ဘိုးဘေးခေတ်အဆက်ဆက်နေထိုင်လာခဲ့သည့် ရွာများမှ ရွှေ့ပြောင်းရန် ငြင်းဆန်နေသည်။ သူတို့၏ အိမ်ရာမြေများကို မပြောင်းရွှေ့ချင်၍ အစိုးရမှ ရေကာတာတည ်ဆောက်ရေးကို ပိတ်ပင်ပေးရန် ဆုတောင်းပွဲကြီးများ မကြာခဏဆိုသလို ပြုလုပ်ခဲ့ကြသည်။

ထိုသို့ပြောင်းရွှေ့ရန် ငြင်းဆန်နေချိန် ဧပြီလတွင် မြစ်ဆုံ၌ လူအသေအပျောက်ရှိခဲ့သည့် ဗုံးဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်ကာ ယခုတိုင် လက်သည် မပေါ်ပဲရှိသည်။

ယင်းမြစ်ဆုံရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်သွားပါက မြစ်အထက်ပိုင်းနေ ဒေသခံလူထု (၁၅၀၀၀) ခန့်တို့၏ အိုးအိမ်များဆုံးရှုံးသွားနိုင်ပြီး မြစ်ရေတည်ရှိမှု နိမ့်ကျသွားကာ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သင်္ဘောဖြင့် ခရီးသွားလာရေးလုပ်ငန်းနှင့် မြစ်အောက်ပိုင်းနေ ပြည်သူလူထု သန်းပေါင်းများစွာကိုလည်း ထိခိုက်မှုရှိလာနိုင်သည်ဟု ကြေငြာချက်တွေ ဖော်ပြထားသည်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်မဖော်ရန် ကန့်ကွက်စာကို လွန်ခဲ့သည့် ဇန်နဝါရီလ ၂၈ရက်နေ့တွင် တရုတ်နိုင်ငံဝန်ကြီး ဝမ်ကျားပေါင်ထံ ပေးပို့ခဲ့ပြီး မတ်လ ၂ရက်နေ့တွင် လည်း တရုတ်နိုင်ငံအစိုးရထံ ထပ်မံတောင်းဆိုပေးပို့ခဲ့သော်လည်း တရုတ်အစိုးရမှ လျစ်လျူ ရှုကာ ဆက်လက်လုပ်ဆောင်နေခြင်းသည်။

052710-hu-jintao

တရုတ်အစိုးရမှ မြစ်ဆုံရေကာတာတည်ဆောက်ခြင်းကို မရပ်တန့်ပေးပါက (KDNG)မှ ဆက်လက်ပြီး “ငြိမ်းချမ်းစွာနှင့် အကြမ်းမဖက်ပဲ တွန်းအားပေး သွားမယ်”ဟု မအားနန်မှ ဆက်ပြောသည်။

ကချင်ပြည်နယ်အတွင်း တည်ဆောက်ထားသည့် မြစ်ဆုံအပါအဝင် ရေအား လျှပ်စစ်စီမံကိန်း ရ ခုမှလျှပ်စစ်ဓာတ်အား ၁၅၀၀၀ကျော် မီဂါဝပ် ရရှိနိုင်ပြီး မြစ်ဆုံတစ်ခုတည်းတွင် လျှပ်စစ်ဓာတ် အား မီဂါဝပ် ၆၀၀၀ရရှိနိုင်သည်ဟု မအားနန်မှပြောသည်။ ယင်းလျှပ်စစ်စီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်စွမ်းအားကို မြန်မာအစိုးရက တရုတ်နိုင်ငံသို့ရောင်းချရန်ဖြစ်သည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ခြင်းကို  ၂၀၀၉ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တရားဝင််ဖွင့်လှစ်ကာ တရုတ်အစိုးရပိုင် (CPI)၊ မြန်မာနိုင်ငံမှ အေရှားဝေါလ် ကုမ္ပဏီ၊ မြန်မာနိုင်ငံ စစ်အစိုးရ၏ အမှတ်(၁) လျှပ်စစ်စွမ်း အားဝန်ကြီးဌာန တို့မှ တည်ဆောက်နေခြင်းဖြစ်သည်။

Most read this week