ကြံ့ဖွံ့ အမတ်လောင်း သိန်းထောင်ချီ အကုန်အကျခံပြီး မဲဆွယ်

ကြံ့ဖွံ့ အမတ်လောင်း သိန်းထောင်ချီ အကုန်အကျခံပြီး မဲဆွယ်
ကြံ့ဖွံ့ ပါတီမှ အမတ်လောင်းအဖြစ် ရာတားခြင်း ခံရသူ ဦးသိန်းမောင်သည် ရသေ့တောင် မြို့နယ်တွင် ငွေကြေး သိန်းပေါင်း မြောက်မြားစွာကို အကုန်အကျခံပြီး ရွှေးကောက်ပွဲ အနိုင်ရရေး အတွက် မဲဆွယ်စည်းရုံးနေကြောင်း သတင်း ရရှိ...

ကြံ့ဖွံ့ ပါတီမှ အမတ်လောင်းအဖြစ် ရာတားခြင်း ခံရသူ ဦးသိန်းမောင်သည် ရသေ့တောင် မြို့နယ်တွင် ငွေကြေး သိန်းပေါင်း မြောက်မြားစွာကို အကုန်အကျခံပြီး ရွှေးကောက်ပွဲ အနိုင်ရရေး အတွက် မဲဆွယ်စည်းရုံးနေကြောင်း သတင်း ရရှိသည်။

ဒေသခံ ပြည်သူများ အပြောအရ လွန်ခဲ့သော ဇန္နဝါရီလမှ စတင်ပြီး အနည်းဆုံး ကျေးရွာတရွာကို ငွေတသိန်းမှ သိန်း ၅၀ထိ လှူဒါန်း နေကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ပညာတတ် လူငယ် တဦးက “သူ အခုလှူဒါန်းနေတာက စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ဆောက်လုပ်တဲ့ နေရာမှာ လှူဒါန်းနေသလို ရေတွင်းရေကန်တွေ တူးဖေါ်တဲ့နေရာတွေမှာလည်း ကျေးရွာတွေ အလိုက် လှူဒါန်းနေတာ ဖြစ်ပါ တယ်။ အခု သူလှူဒါန်းနေတဲ့ ငွေတွေကို ပျှမ်းမျှ တွက်ကြည့်ရင် သိန်းထောင်ကျော်နေပြီ ဖြစ်ပါတယ်” ဟု ပြောသည်။

လွန်ခဲ့သော ရက်အနည်းငယ်ကလည်း ကျောက်တန်းကျေးရွာတွင် ဆေးပေးခန်း တခု ဆောက်လုပ်ရေးအတွက် သိန်း ၂၀ လှူဒါန်းခဲ့ပြီး စေတီပြင် ကျေးရွာ မြောက်ပိုင်းတွင် ဆောက်လုပ်နေသည့် မူလတန်းကျောင်းဆောင်သစ် တခုအတွက် သိန်း ၃၀ လှူဒါန်းခဲ့သည်ဟု သိရသည်။

“ဒီလောက်များပြားတဲ့ ငွေတွေကို သူဘယ်ကရသလဲ။ ကြံ့ဖွံ့ ပါတီက ပေးတာလား။ သူကိုယ်ပိုင်ငွေတွေလား။ ဘယ်သူမှ တက်အပ် မပြောနိုင်ဘူး။ သူပြောတာကတော့ သူ့ကိုယ်ပိုင် ငွေတွေဆိုပြီး ပြောပါတယ်။ ဦးသိန်းမောင်ဟာ ယခင်က စက်မူ ၁မှာ ညွန်ကြားရေးမှူး ဖြစ်ခဲ့တယ်လို့ သိရပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးသိန်းမောင်မှာ ရသေ့တောင် မြို့နယ်နှင့် နယ်စပ်ချင်းထိစပ်နေသော ဘူးသီးတောင်မြို့နယ် စေတီတောင် ကျေးရွာ ဇာတိ ဖြစ်ပြီး သူ၏ ဖခင်မှာ ဦးစောသာကျော် ဖြစ်သည်။ သူသည် အမှတ် (၁) စက်မူဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း လက်အောက်တွင် အထည်အလိပ် လုပ််ငန်း ညွှန်ကြားရေးမှူး အဖြစ်တာဝန် ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

ဦးသိန်းမောင်မှာ ၀န်ကြီး ဦးအောင်သောင်းနှင့် ရင်းနှီးသူ ဖြစ်ပြီး ၀န်ကြီး ဦးအောင်သောင်း၏ ညွှန်ကြားချက်ဖြင့် ရသေ့တောင်မြို့နယ် မဲဆန္ဒ နယ်မြေမှ ကြံ့ဖွံ့ ကိုယ်စားလှယ် အဖြစ် ၀င်ရောက် အရွှေးခံရန် ၂၀၁၀ ခုနှစ် ဇန္နဝါရီလဆန်းပိုင်းကတည်းက ရသေ့တောင်မြို့သို့ရောက်ရှိနေခြင်း ဖြစ်သည်။

တခြား ဒေသခံ တဦးကလည်း “ ဦးသိန်းမောင်က ကျေးရွာတွေ အလိုက် ငွေတွေကို လှူဒါန်းသလို ဆင်းရဲတွေ မိသားစုတွေကိုလည်း အဝတ်အစား က အစ ဆန်၊ စပါးတွေလည်း ထောက်ပံ့ လှူဒါန်း ပေးပါတယ်။ ကျောင်းသားတွေ အတွက် စာအုပ်ခဲတံတွေက အစ ကူညီပေးပါတယ်။ အဓိကတော့ ရွှေးကောက်ပွဲ ရောက်လာရင် သူ့ကို မဲထည့်ဖို့ အတွက် ပြောဆို စည်းရုံးပါတယ်။ အမတ် မဖြစ်တဲ့ ခါတောင် ဒီလောက် လှူဒါန်းရင် အမတ် ဖြစ်လာရင် ဒီထက် ကူညီ လှူဒါန်းအုံးမယ်လို့လည်း ပြောပါ တယ်” ဟု ပြောသည်။

၎င်းပြင် ဦးသိန်းမောင်သည် ကြံ့ဖွံ့ ပါတီမှ တဆင့် ကျေးရွာများတွင် ပြုလုပ်သော ဘော်လုံးပွဲများနှင့် တခြား ပျော်ပွဲရွှင်ပွဲများကိုလည်း ငွေကြေးများ ထောက်ပံ့ပေးသည်ဟု သိရသည်။

A-scenery-of-Rathidaung

တခြား အရပ်သား တဦးကလည်း “ ဦးသိန်းမောင်က အခု စက်လှေ တစီးပေါ်မှာ အကျီင်္တွေ၊ လုံချည်တွေ၊ ထီး- ဖိနပ်တွေ အပါအဝင် စားစရာ သောက်စရာတွေကို တင်ပြီး ရွာတိုင်းကို လိုက်လံ လှူဒါန်းနေပါတယ်။ သူခုလို ပိုက်ဆံ အကုန်အကျခံပြီး လိုက်လုပ်နေတဲ့အတွက် သူလာရင် အလှူရလို့ ရွာသားတွေ ကတော့ ၀မ်းသာနေကြပါတယ်” ဟု ပြောသည်။

၎င်းပြင် တခြား ရသေ့တောင်မြို့ခံ တဦးကလည်း “ ဦးသိန်းမောင်ရဲ့ ယခင်မိန်းမက ကရင် အမျိုးသမီး ဖြစ်ပြီး သူကွယ်လွန်သွားတဲ့နောက်ပိုင်းမှာ အခု သူယူထားတာက ဗမာ အမျိုးသမီး ဆိုတော့ ရခိုင်တွေ မဲမထည့်မှာကို စိုးရိမ်ပြီး ရသေ့တောင်မြို့မှာ ကျွန်တော်က ရခိုင်အစစ်မှ ရခိုင်အစစ် ဆိုပီးတော့လည်း မဲဆွယ် စည်းရုံးနေပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး မဲဆွယ် စည်းရုံးနေသော်လည်း ရခိုင်ပြည်သူအများစုမှာ နအဖ စစ်အစိုးရ၏ ရခိုင်ပြည်သူများ အပေါ် မတရား ဖိနှိပ်မူကြောင့် အထူး နာကျည်းနေပြီး လွတ်လပ်ပြီး တရားမျှတသော ရွှေးကောက်ပွဲ ဖြစ်ပါက စစ်အစိုးရ ကျော့ထောက် နောက်ခံ ပြုထားသော ဦးသိန်းမောင်တို့ကဲ့သို့ ကြံ့ဖွံ့ပါတီဝင်များ ရခိုင်တွင် မဲ အနိုင်ရချင်မှ ရမည် ဖြစ်ကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောကြားသည်။

Most read this week