မြဝတီမြို့ စီးပွားရေးစက်မှုဇုံတွင် ဗုံးပေါက်ကွဲမှုဖြစ်

မြဝတီမြို့ စီးပွားရေးစက်မှုဇုံတွင် ဗုံးပေါက်ကွဲမှုဖြစ်
by -
အားမီ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စီးပွားရေးစက်မှုဇုံတွင် ယနေ့ နံနက် ၄ နာရီကျော်အချိန် ခန့်က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွား....

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ရှိ စီးပွားရေးစက်မှုဇုံတွင် ယနေ့ နံနက် ၄ နာရီကျော်အချိန် ခန့်က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် စီးပွားရေးစက်မှုဇုံအတွင်းရှိ တိုးတက်သောကရင်ဗုဒ္ဒဘာသာ တပ်မတော်မှ အရာရှိတစ်ဦး ပိုင်ဆိုင်သည့် စျေးဆိုင်ပျက်စီး သွားကြောင်း ဒေသခံ တဦးက ယခုလိုပြောသည်။

“မနက်က ဗုံးတလုံးကွဲတယ်။ မောင်ချစ်သူ ဆိုင်ခန်း၊ ဆိုင်ခန်းတွေ ပြိုသွားတယ် သိလား။ပါသွားတယ် မောင်ချစ်သူဆိုင်ခန်းလေ၊ အခုစီးပွားရေး စက်မှုဇုံမှာလေ။”

ပေါက်ကွဲမှုအပေါ် သက်ဆိုင်ရာအာဏာပိုင်များမှ စစ်ဆေးခဲ့ရာ နေ့လည်ပိုင်းတွင် ဗုံးတလုံးထပ်မံတွေ့ရှိပြီး အမည် မသိသူတစ်ဦးက လက်နက်ငယ်ဖြင့် ပစ်ခတ်သွားသည်ဟု ၎င်းကဆက်ပြောသည်။

“နေ့လည်ကပဲ ဗုံးတလုံးထပ်တွေ့တယ်သိလား။ အိမ်သာတွေနားမှာ တလုံးထပ်တွေ့တယ်လေ။ လက်နက်ငယ်နဲ့ နောက်ထပ်လေးချက်ထပ်ပစ် သွားသေးတယ်။ ၁၂ နာရီလောက် မှာလေ။”

အမည်မဖော်လိုသည့် ဒီကေဘီကေ အရာရှိတဦးကမူ ဗုံးပေါက်ခြင်းမဟုတ်ပဲ တပ်သားတဦး၏လက်နက်မှမတော် တဆ ကျည်ထွက်သွားခြင်းသာ ဖြစ်ကြောင်း ထိခိုက်ဒဏ်ရာ ရရှိမှု တစုံတယောက်မျှ မရှိကြောင်း ပြောသည်။

အတည်မပြုနိုင်သည့် သတင်းများအရ လွန်ခဲ့သည့် တစ်ပါတ်အတွင်းက မြဝတီမြို့ ကုန်သည်ကြီးများအသင်းဝင်  ဒေါ်သင်းသင်းမြတ်နှင့် ဦးကျော်ဟိန်းတို့ထံ ခြိမ်းခြောက်၍ ငွေတောင်းသည့် စာတစ်စောင်ရောက်ရှိခဲ့ပြီးနောက်ပိုင်း ယခုလို ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။

ယခုပေါက်ကွဲမှုသည် မည်သူ့လက်ချက်ဖြစ်သည်ဟု မသိရသေးသော်လည်း အကြမ်းဖက် အဖွဲ့အစည်းတစ်ခု၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေကြောင်း အဆိုပါ ဒေသခံက ပြောသည်။

Most read this week