အထွက်ကောင်းသော်လည်း ၀ယ်သူမရှိ၍ ရခိုင်ဆားများ တောင်လိုပုံ

အထွက်ကောင်းသော်လည်း ၀ယ်သူမရှိ၍ ရခိုင်ဆားများ တောင်လိုပုံ
by -
မောင်အေး
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံဆိပ်ကမ်းတွင် ရခိုင်ပြည် အနှံ့ ဆားကွင်းများမှ တင်ပို့လာသော ဆားများကို ၀ယ်လိုသူ မရှိ၍ ဆားများ တောင်လို ပုံနေကြောင်း....

ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံဆိပ်ကမ်းတွင် ရခိုင်ပြည် အနှံ့ ဆားကွင်းများမှ တင်ပို့လာသော ဆားများကို ၀ယ်လိုသူ မရှိ၍ ဆားများ တောင်လို ပုံနေကြောင်း သတင်း ရရှိသည်။

“ဆားတပိသာကို ကျပ်ငွေ ၂၀ တောင် ၀ယ်ယူမယ့်သူ မရှိ ဖြစ်နေတဲ့ အတွက် ဆားတွေက မင်းဂံ ဆိပ်ကမ်းမှာတောင်လိုပုံနေပါတယ်။ အဓိက ရခိုင်က ဆားတွေကို ပြည်မဘက်က အဓိက ဆွဲတာပါ။ အခုမိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ ပြည်မဘက်က ဆားအဝယ် ရပ်သွားတော့ အခုဆိုရင် ဆားတပိသာကို ကျပ် ၂၀ တောင် ၀ယ်ယူမယ့်သူ မရှိ ဖြစ်နေပါတယ်” ဟု ဆား ကုန်သည် တဦးက ပြောသည်။

ယခုကဲ့သို့ ဆားစျေးများ မကြံုဖူးအောင် ထိုးကျသွားသဖြင့် ဆားလုပ်ငန်း လုပ်ကိုင်သူများမှာ အထူး ထိခိုက်နေပြီး ထိုထက် နစ်နာသူများမှာ နယ်မှ ဆားထုတ်လုပ်သူများ ဖြစ်ကြသည်ဟု သူက ပြောသည်။

“ဆားကြမ်းစျေးက ကျပ် ၅၀ ထိ ရှိရာကနေ အခုကျလာလိုက်တာ ကျပ် ၂၀ ဖြစ်သွားပြီ။ စစ်တွေက ဆားလုပ်ငန်းရှင်တွေက ခုလို စျေးကျတော့ အရှံုးပေါ်တာပေါ့။ ဆားလုပ်ငန်းရှင်တွေ အရှံုးပေါ်တော့ နယ်က ဆားထုတ်လုပ်တဲ့ သူတွေကို ငွေအကျေ မပေးနိုင်တော့ နယ်က ဆားထုတ်လုပ် သူတွေ အထူး ဒုက္ခ ရောက်နေကြရပါတယ်” ဟု သူက ပြောသည်။

salt-in-Sittwe

ရခိုင်ပြည်နယ် ပင်လယ်ကမ်းစပ်မြို့နယ်တိုင်း လိုလိုတွင် ဆားချက်ကြပြီး ပေါက်တော၊ မင်းပြား။ ကျောက်ဖြူ၊ မြေပုံ၊ မာန်အောင်၊ တောင်ကုတ်နှင့် သံတွဲ မြို့နယ်များမှ ဒေသခံ ပြည်သူများ အနေဖြင့် ၎င်းတို့ပိုင်ဆိုင်သော ဆားငံပေါက်ရောက်ရာ မြေများတွင် ဆားချက်ပြီး တပိုင်တနိုင် ထုတ်လုပ် နေကြခြင်း ဖြစ်သည်။

“ဆားချက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ မိသားစုတွေက ဆားစျေးကျနေတော့ စားဝတ်နေရေး အထူး အခက်ကြံုနေရတယ်။ ဒီတော့ ရှိတဲ့ဆားတွေကို စက်လှေနဲ့ တင်ပီး စစ်တွေ မင်းဂံ ဆိပ်ကမ်းကို လာသွင်းတယ်။ စစ်တွေက ဆားလုပ်ငန်းရှင်တွေကလည်း မဝယ်နိုင်ဘူး။ ဂိုထောင်ထဲတောင် ဆားတွေက မဆန့်တောတဲ့ အတွက် နယ်ကလာတဲ့ ဆားတွေကို အခုအခါ အပြင်မှာ ပုံထားကြရတယ်။ မိုးလည်း စရွာ နေပီဆိုတော့ ဆားတွေ အရည်ပျော်ကုန်မှာ အထူး စိုရိမ်းနေကြရတယ်” ဟု သူက ပြောသည်။

salt-Sittwe

ယခင်က ရခိုင်က ဆားများကို စစ်တွေ မင်းဂံဆိပ်ကမ်းမှ တဆင့် ဘင်္ဂလာဒေချ့်ကို တင်ပို့ နိုင်ခဲ့သဖြင့် ဆားလုပ်ငန်းရှင်များ စီးပွားရေး တွက်ခြေကိုက်ခဲ့ပြီး အနောက်ပိုင်း စစ်ဌာနချုပ်မှ အပါအဝင် ဒေသဆိုင်ရာ စစ်တပ်များမှ အရာရှိကြီးမှ ဆားလုပ်ငန်းများတွင် လေချယ်ယာ အစုစပ်ဝင်ပြီး လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်များစျေးကျပြီးတွက်ခြေမကိုက်ဖြစ်နေသဖြင့် ဆားထုတ်လုပ်သူများ အခက်ကြံု နေရသောအခါ အဆိုပါ အရာရှိများမှာ သတင်းပင် မမေးတော့ကြောင်းနှင့် သက်ဆိုင်ရာ ပြည်နယ် တာဝန်ရှိသူများမှ တစုံတရာ ၀င်ရောက် ဖြေရှင်းပေးခြင်း မရှိကြောင်း သတင်း ရရှိသည်။

Most read this week