ဗုံးနှင့်ရေကြောင့် မြောက်ဦး ဘုရားပွဲတော် စည်ကားမည့် အခြေအနေမရှိ

ဗုံးနှင့်ရေကြောင့် မြောက်ဦး ဘုရားပွဲတော် စည်ကားမည့် အခြေအနေမရှိ
by -
ထွန်းထွန်း
ရခိုင် ရှေ့ဟောင်း မြို့တော် မြောက်ဦးတွင် မေလ ၂၇ ရက်နေ့မှ စတင် ကျင်းပမည့် ရှစ်သောင်း ဘုရားပွဲတော်မှာ ဗုံးလှန့်ထားမူနှင့် ရေ အခက်အခဲ များကြောင့် ယခုနှစ်တွင် ခါတိုင်းနှစ်များကဲ့သို့ စည်ကားရန် အခြေအနေ မရှိကြောင်း ဘုရားဂေါပက တဦးက...

ရခိုင် ရှေ့ဟောင်း မြို့တော် မြောက်ဦးတွင် မေလ ၂၇ ရက်နေ့မှ စတင် ကျင်းပမည့် ရှစ်သောင်း ဘုရားပွဲတော်မှာ ဗုံးလှန့်ထားမူနှင့် ရေ အခက်အခဲ များကြောင့် ယခုနှစ်တွင် ခါတိုင်းနှစ်များကဲ့သို့ စည်ကားရန် အခြေအနေ မရှိကြောင်း ဘုရားဂေါပက တဦးက ပြောသည်။

သူက “နှစ်စဉ်နှစ်တိုင်း ပွဲတော်ကို အနယ်နယ် အရပ်ရပ်က လူပေါင်း သိန်းချီပြီးတော့ လာပါတယ်။ ဒါပေမဲ့ ဒီနှစ် ဘုရားပွဲတော်ကတော့ အရင် နှစ်တွေကလို စည်ကားမယ့် အခြေအနေ မရှိ ဖြစ်နေတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ပွဲတော် အတွင်း ဗုံးခွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ အပြင် ရာသီဥတုကလည်း အလွန်ပူပြင်းပီး ရေလည်း နေရာ အနှံ့ ရှားနေတဲ့ အတွက် ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုနှစ် ဘုရားပွဲတော်ကို မေလ ၂၇ ရက် နေ့မှ ၃၁ နေ့ အထိ (၅)ရက် တိုင်တိုင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ပြီး ရခိုင် နာမည်ကြီး အဆိုတော် များဖြစ်ကြသည့် မြတ်ခိုင်ကျော်၊ ဦးမောင်းသိန်း၊ ကိုသန်းဆွေ၊ ညီမင်းခိုင်၊ ဦးထွန်းဝေ၊ ရဲလင်းအောင်၊ ဇင်မာထွန်း၊ စောနှင်းနွယ်တို့မှ လာရောက် ဖြေဖျော်ကြမည် ဖြစ်သည်။

festival-mrauk-oo

“လူတွေကတော့ ရှစ်သောင်း ဘုရားပွဲဆိုပီး ယေဘူယျ ပြောကြတာ ဖြစ်ပါတယ်။ အမှန်တော့ မြောက်ဦးမှာရှိတဲ့ တန်ခိုးကြီး ဘုရားတွေ ဖြစ်တဲ့ တုက္ကန်သိမ်၊ အံတော်သိမ်၊ ကိုးသောင်းဘုရားတွေ အာလုံးကို ပေါင်းပြီး နှစ်စဉ် ကဆုန်လပြည့်နေ့မှာ ကျင်းပတဲ့ ပွဲတော်ဖြစ်ပါတယ်။ ခုလို အခြေ အနေတွေ လူပ်လူပ်ရွရွ ဖြစ်နေပေမယ့်လည်း ပွဲတော်အတွင်းမှာ ရခိုင်ရိုးရာ ပဒေသာကပွဲ၊ ဇာတ်ပွဲ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ပြိုင်လောင်း (လှေ) ပြိုင်ပွဲနဲ့ ဘောလုံး ပြိုင်ပွဲတွေကို ထည့်သွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟုသူက ပြောသည်။

မြောက်ဦး ဘုရားပွဲတော်မှာ နှစ်စဉ် နှစ်တိုင်း ခြောက်သွေ့ရာသီ၏ နောက်ဆုံးလတွင် ကျင်းပသော ပွဲတော်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အထူး စည်ကားသော ဘုရားပွဲတော် တခု ဖြစ်သည်။

Festival-of-Mrauk-U

အဆိုပါ ပွဲတော်ကို ရှေးယခင် ရခိုင်ဘုရင်များလက်ထက်ကတည်းက ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရခိုင် အမျိုးသားတို့ ၏ ရိုးရာ ယဉ်ကျေးမူ အစဉ်အလာ များကို မပျောက်ပျက်အောင် ထိန်းသိမ်းသည့် အနေဖြင့် နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်ကြခြင်း ဖြစ်သည်။

မြောက်ဦးမြို့ကို ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃၀ တွင် တည်ထောင်ခဲ့ပြီး ဗမာ ဘုရင် ဘိုးတော် မောင်ဝိုင်း ၀င်ရောက်ကျူးကျော် သိမ်းပိုက ်မူကြောင်း ၁၇၈၄ ခုနှစ် ဒီဇင်္ဘာ ၃၁ ရက်နေ့တွင် မြို့တော်မှာ အဆုံးသတ်ခဲ့ရသည်။

အေဒီ ၁၄၃၀ မှ ၁၇၈၄ ခုနှစ်အတွင်း ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့သော ရခိုင်မင်းများသည် လက်ညိုးထိုး၍ မလွဲအောင်ထိ ဗုဒ္ဓဘာသာ ဘုရား ပုထိုးတော် ကျောင်းကန်များကို တည်ဆောက်ခဲ့သဖြင့် မြောက်ဦးမှာ ရခိုင်တို့၏ ယဉ်ကျေးမူ မြို့တော် အဖြစ် ယခုထက်တိုင် ဂုဏ်ယူဝင့်ကြွားစွာ တည်ရှိနေသော မြို့ ဖြစ်သည်။

Most read this week