ကချင်ပါတီ ၃ ဖွဲ့အား တရားဝင်လက်ခံရေးကိစ္စ စောင့်ဆိုင်းပေးရန် ကော်မရှင်ပြန်ကြား

ကချင်ပါတီ ၃ ဖွဲ့အား တရားဝင်လက်ခံရေးကိစ္စ စောင့်ဆိုင်းပေးရန် ကော်မရှင်ပြန်ကြား
မြန်မာစစ်အစိုးရရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သို့ ပါတီမှတ်ပုံတင်လျှောက်ထားတဲ့ ကချင်ပါတီ ၃ ဖွဲ့ အား တရားဝင်လက်ခံရေးကိစ္စ ဆက်လက်စောင့်ဆိုင်း ပေးရန် ကော်မရှင်က ပြန်ကြားထားကြောင်း....

မြန်မာစစ်အစိုးရရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သို့ ပါတီမှတ်ပုံတင်လျှောက်ထားတဲ့ ကချင်ပါတီ ၃ ဖွဲ့ အား တရားဝင်လက်ခံရေးကိစ္စ ဆက်လက်စောင့်ဆိုင်း ပေးရန် ကော်မရှင်က ပြန်ကြားထားကြောင်း သိရတယ်။

စစ်အစိုးရရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရန် နောက်ဆုံးသတ်မှတ်ပေးတဲ့ မေလ ရ ရက်နေ့ ကုန်ဆုံးခဲ့သော်လည်း ယနေ့ထိတိုင် ကချင်နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP)၊ ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ-ကချင်(NSPP) နှင့် စုပေါင်းဒီမိုကရေစီပါတီ-ကချင် တို့ဟာ တရားဝင်ပါတီများအဖြစ် လက်ခံခြင်း မခံရသေးပါ။

“ပါတီတည်ထောင်ခွင့် မပေးတာ မဟုတ်ပါဘူး။ စိတ်ချပါ၊ မချပေးမှာ မဟုတ်ဘူး၊ ချပေးမယ်။ ဒါပေမဲ့ အချိန်နည်းနည်း စောင့်ပေးပါ” ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဠ ရဲ့ ပြောဆိုချက်ကို ကိုးကား၍ KSPP တာဝန်ရှိသူတဦးက ထိုင်းအခြေစိုက် ကချင်သတင်းဋ္ဌာနသို့ ပြောတယ်။

အခုလို ကချင်ပါတီပေါ် တရားဝင်ပါတီအဖြစ် လက်ခံ၊ လက်မခံ ဆုံးဖြတ်ပေးရန် ကြန့်ကြာထားတဲ့ အဓိကအကြောင်းရင်းကတော့ စစ်အစိုးရနဲ့ အပစ်ခပ်ရပ်စဲထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်အစိုးရ အလွန်မှဖြစ်စေချင်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Force) သို့ အသွင်ပြောင်းလဲရေး ကိစ္စကို ငြင်းနေတဲ့အတွက်ဖြစ်တယ်လို့ KSPP နှင့်နီးစပ်သူတဦးက ပြောတယ်။

သူကပဲ “ဒါပေမဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ နယ်ခြားစောင့်တပ်ဖွဲ ့လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ပါတီတည်ထောင်ခွင့် ချပေးမယ်လို့၊ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ပြောလိုက်တယ်” လို့ ပြောပြပါတယ်။

ထို့အပြင် ကချင်ပါတီ ၃ ခုကိုလည်း ရွေးကောက်ပွဲ စည်းရုံးရေးဆင်းနိုင်ရန် လုံလောက်သည့် အချိန်ပေးသွားမည်ဖြစ်ကြောင်းကို လတ်တလော နေပြည်တော်သို့ ဒုတိယအကြိမ်သွားရောက်တွေ့ဆုံခဲ့တဲ့ KSPP ခေါင်းဆောင်တချို့ကို ကော်မရှင်ဥက္ကဌ က ကတိပေးပြောဆိုခဲ့ကြောင်း သိရတယ်။

တဖက်တွင်လဲ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) အတွင်းရေးမှူး ဇေလွမ်း (Zelum) ဦးဆောင်တဲ့ “စုပေါင်းဒီမိုကရေစီပါတီ-ကချင်” ပါတီသည်လည်း ကော်မရှင်ရဲ့ တရားဝင်ပါတီခြင်း မရသေးပါဘူး။

ကချင်ပြည်နယ်တိုးတက်ရေးပါတီ ရဲ့ ဗဟိုရုံးပုံ၊ မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။ ဓါတ်ပုံ - ကချင်သတင်းဌာန

NDA-K အဖွဲ့ဟာ ပြီးခဲ့နှစ် နို၀င်ဘာလကပဲ စစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် တရားဝင် အသွင်ပြောင်းဖွဲ့စည်းခဲ့တယ်။

ဒူဝါ ချန်းခေါ ဦးဆောင်သော “ရှမ်းပြည်မြောက်ပိုင်းတိုးတက်ရေးပါတီ (NSPP)” ကချင်ပါတီ သည်လည်း ရှမ်းပြည်အရှေ့မြောက်ပိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီ မှတ်ပုံတင်ထားခဲ့ပါတယ်။  ဒါပေမဲ့ KSPP နဲ့ အလားတူပဲ တရားဝင်ပါတီအဖြစ်လက်ခံခြင်း မရှိသေးပါ။

စစ်အစိုးရပိုင် မေလ (၇) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာအရ နေပြည်တော် အခြေစိုက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို ့မှတ်ပုံတင်လျှောက်ထားတဲ့ ပါတီအဖွဲ့အစည်း (၃၁) ဖွဲ့ရှိတဲ့့အနက် (၂၇) ဖွဲ ့ကို ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ပါတယ်။

ယခုချိန်အထိ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်မှ တရားဝင် ပါတီတည်ထောင်ခွင့် မပြုသေးပဲ ကျန်နေတဲ့ပါတီ (၄)ဖွဲ့မှာ (၃) ဖွဲ့ကတော့ ကချင်ပါတီများဖြစ်ကြ ပါတယ်။

Most read this week