စစ်တွေ မြို့တွင်းရှိ စက်မူ လုပ်ငန်းများ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စက်မူဇုံသို့ ပြောင်းရွှေ့ရန် အမိ်န့်ထုတ်

စစ်တွေ မြို့တွင်းရှိ စက်မူ လုပ်ငန်းများ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စက်မူဇုံသို့ ပြောင်းရွှေ့ရန် အမိ်န့်ထုတ်
by -
စံလင်း
စစ်တွေမြို့တွင်းရှိ စက်ရုံ အလုပ်ရုံများကို မေလ ၃၁ ရက်ကို နောက်ဆုံးထားပြီး စက်မူဇုံ အဖြစ် သတ်မှတ် ထားသော နေရာသို့ ပြောင်းရွှေ့ရမည်ဟု နအဖ စစ်အာဏာပိုင်များက အမိ်န့် ထုတ်ထားသည်ဟု..

စစ်တွေမြို့တွင်းရှိ စက်ရုံ အလုပ်ရုံများကို မေလ ၃၁ ရက်ကို နောက်ဆုံးထားပြီး စက်မူဇုံ အဖြစ် သတ်မှတ် ထားသော နေရာသို့ ပြောင်းရွှေ့ရမည်ဟု နအဖ စစ်အာဏာပိုင်များက အမိ်န့် ထုတ်ထားသည်ဟု သတင်း ရရှိသည်။

အမည်မဖေါ်လိုသူ ရေခဲစက်ပိုင်ရှင် တဦးက “စစ်တွေမြို့မှာ ရှိတဲ့ စက်မှု လက်မှု လုပ်ငန်းတွေ အကုန်လုံးကို ဒီနှစ် ပွင့်လင်း ရာသီ အတွင်းမှာ ဆတ်ရိုးကျချောင်း တဖက်ကမ်းမှာရှိတဲ့ စက်မူဇုံ ရပ်ကွက်ကို ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။ ဘယ်သူမှ မပြောင်းကြတော့ အခုတခါ မေလ ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး ပြောင်းရွှေ့ဖို့ အမိန့်ထုတ်ပါတယ်။ မပြောင်းရင် အရေးယူမယ်လို့လည်း ပြောပါတယ်” ဟု ပြောသည်။

စစ်တွေမြို့၏ အဓိက သင်္ဘောများနှင့် မော်တော်ဘုတ်များ ၀င်ထွက်သွားလာရာ ဆတ်ရိုးကျချောင်း တဖက်ကမ်းတွင် ပုဂ္ဂလိကပိုင် မြေနေရာ အများအပြားကို သိမ်းပိုက်ပြီး စစ်အစိုးရမှ စက်မှုဇုံ ရပ်ကွက် တည်ဆောက်ရန် စီစဉ်နေသည်။

“သူတို့က အဲဒီ နေရာမှာ စက်မူဇုံ တည်ဆောက်မယ်။ မြို့ထဲမှ ဘယ်စက်ရုံကိုမှ မထားဘူးဆိုပီး သိမ်းပိုက်ထားတဲ့ မြေကွက်တွေကို ပုဂ္ဂလိက စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေကို အတင်း ရောင်းပါတယ်။ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေကလည်း မြေကွက်တွေကို ၀ယ်ထားပါတယ်။ ဒါပေမယ့် အဆောက် အဦးတွေကို ဘယ်သူမှ မဆောက်ကြဘူး။ ဒါကြောင့် ခုထက်ထိ စက်မူဇုံမှာ ဘာမှ ဖြစ်မလာတော့ သူတို့က ဖိအားပေးလာတာ ဖြစ်ပါတယ်။”

နအဖ စစ်အစိုးရသည် ၀န်ကြီးချုပ် ဗိုလ်ချုပ် ခင်ညွန့် မပြုတ်မှီကတည်း ရခိုင်ပြည်နယ် ဖွွံ့ဖြိုးရေးအတွက် စစ်တွေတွင် စက်မူဇုံ တခု တည်ဆောက်တော့မည် ဖြစ်ကြောင်း ရေဒီယို သတင်းစာများက အကျယ်တဝင့် ၀ါဒ ဖြန့်ရေးသား ဖေါ်ပြခဲ့သည်။

သို့သော်လည်း လက်တွေ့တွင် အဆိုပါ စက်မူဇုံမှာ နှစ်ပေါင်း၁၀ နှစ်ကျော်လာသည့် တိုင်အောင် တစုံတရာ ဖြစ်မလာသဖြင့် နအဖ စစ်အစိုးရ၏ စက်မူဇုံ စီမံကိန်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများ အကြား ဝေဖန်မူများ သရော်မူများ ပေါ်ပေါက်ခဲ့သည်။

Ice-factory

တခြား စစ်တွေမြို့မှ ကားဝပ်ရှော့ ပိုင်ရှင် တဦးကလည်း “ လျှပ်မီးမရှိဘူး။ ရေမလာဘူး။ အဲဒီနေရာမှာ ဘယ်လို စက်မူဇုံ တည်ဆောက်မလဲ။ ပီးရင်ခု စက်မူဇုံ လုပ်မလို့ သတ်မှတ်ထားတဲ့ နေရာက အရမ်းခေါင်တယ်။ လမ်းပမ်း ဆက်သွယ်ရေးလည်း အရမ်းခက်ခဲတယ်။ ကိုက်တာ ၁၀၀ လောက်ရှိတဲ့ ဆတ်ရိုးကျချောင်းကို ကူးတို့လှေနဲ့ ကူးပြီးသွားရပါတယ်။ တံတားမရှိဘူး။ ဘယ်သူမှ မပြောင်း ရွှေ့ချင်ကြဘူး။ လူတွေ အတွက် ပိုပီး ဒုက္ခရောက်သွားနိုင်တယ်။ ခုတော့ ပြောင်းရမယ်ဆိုပီး နေ့အတိ အကျ သတ်မှတ်ပြီး အမိ်န့်ထုတ်လာတယ်။ ဘယ်လို ဖြစ်လာမလဲတော့ မသိသေးဘူး” ဟု ပြောသည်။

၎င်းပြင် စက်မူဇုံ တည်ဆောက်မည့် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် တနေ့ လျှပ်စစ်မီး ၂ နာရီ ခန့်သာ ရရှိသဖြင့် အဆိုပါ လျပ်စစ်မီး ရရှိမူမှာ ပမာဏမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် နှစ်ပေါင်း ၆၂ နှစ် အတွင်း အဆိုးရွားဆုံး အခြေအနေ ဖြစ်ပြီး ဖဆပလ ခေတ်တွင် စစ်တွေတွင် လျှပ်စစ်မီး တနေ့ ၂၄ နာရီ အပြည့် ရရှိခဲ့သည်။

ယခုတည်ဆောက်မည့် စက်မှုဇုံ ဧရိယာမှာ ဧက ၅၁၅ ဧက ရှိသော်လည်း စက်ရုံ အလုပ်ရုံများ မရရှိသဖြင့် လွှင်တီးခေါင်းပြင် ဖြစ်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ် တဝန်းလုံးတွင် လွတ်လပ်ရေး ရပြီးချိန်မှ ယခုအချိန်ထိ အစိုးရမှ တည်ဆောက်ပေးသော စက်ရုံ တရုံမှ မရှိသေးသည့် အပြင် စစ်တွေတွင် တည်ရှိသော စက်ရုံ အလုပ်ရုံ များမှာလည်း ကြီးကြီးမားမား မရှိဘဲ ပုဂ္ဂလိကပိုင် ရေခဲစက်၊ ဆန်စက်၊ သစ်စက်၊ မုန့်တီနှင့် ခေါက်ဆွဲစက်၊ ကားဝပ်ရှော့၊ ဘိလပ်ရည်စက်၊ စာပုံနှိပ်စက် စသည့် အသေးအမွှား စက်ရုံ အလုပ်ရုံများသာ တည်ရှိကြောင်း သိရသည်။

Most read this week