မြန်မာစစ်အစိုးရမှ ကချင်ပါတီကို တရားဝင်ပါတီအဖြစ် လက်မခံသေး

မြန်မာစစ်အစိုးရမှ ကချင်ပါတီကို တရားဝင်ပါတီအဖြစ် လက်မခံသေး
ကချင်ပါတီ သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရပေးသော ပါတီတည်ထောင်ခွင့် မှတ်ပုံတင်မကျလာ သေးကြောင်း...

ကချင်ပါတီ သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရပေးသော ပါတီတည်ထောင်ခွင့် မှတ်ပုံတင်မကျလာ သေးကြောင်း သိရှိရသည်။

ကချင်ပြည်နယ်မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၄ ဖွဲ့ ရှိနေပြီး ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) တစ်ဖွဲ့တည်းသာ ပါတီတည်ထောင်ခွင့်မရသေးကြောင်း KSPP အရာရှိတစ်ဦးပြော သည်။

ယင်းပါတီများမှာ ကချင်ပြည်နယ်တိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် စုပေါင်းဒီမိုကရေစီပါတီ-ကချင်အဖွဲ့ များ ပါ၀င်ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

မှတ်ပုံတင်မချပေးသေးမှုနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးရန် KSPP ပါတီခေါင်းဆောင် ဒေါက်တာတူးဂျာ နှင့် အဖွဲ့ဝင် ၄ဦး နေပြည်တော်သို့ သွားနေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အရာရှိများနှင့် မနက်ဖြန် မေလ ရ ရက်နေ့ နေပြည်တော် တွင် တွေ့ဆုံစကားပြောမည်ဖြစ်ကြောင်း သိရှိရသည်။

“အခုအံသြနေတာ ကျွန်တော်တို ့ပါတီက ဘာများလိုအပ်ချက်ရှိသေးလိုလဲမသိဘူး။ အရမ်းစိုးရိမ်နေတယ်။ ကချင်လွတ်မြောက်ရေးတပ်ဖွဲ ့(ကေအိုင်အို) က နယ်ခြားစောင့်တပ်လည်း ပြောင်းလဲထားခြင်းမရှိတော့ သူတို့ နည်းနည်းစိုးရိမ်တယ်ထင်တယ်။ တနင်္လာနေ့ တော့  ပါတီမှတ်ပုံတင် ကျမကျဆိုတာသိရမှာပါ” ဟုထပ်မံ ပြောသည်။

KSPP ခေါင်းဆောင် ဒေါက်တာတူးဂျာသည် ယခင် ကေအိုင်အို ၏ ဒု-ဥက္ကဌ (၂) ဖြစ်ခဲ့ရာမှ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မိခင်အဖွဲ့မှ နှုတ်ထွက်ခဲ့သည်။

အမှန်တကယ် ခွဲထွက်ခြင်းလား  နောက်ကွယ်၌ အဆက်အသွယ်ရှိမရှိအား  စိုးရိမ်ပုံရှိနေပြီး ငွေကြေး ကိစ္စမှာလည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ နောက်ခံပ့ံပိုးမှုရှိကြောင်း ဝေဖန်သံတွေကြားသည်ဟု KSPP အဖွဲ့ဝင်တစ်ဦးပြောသည်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၄ နေ့ ကေအိုင်အို ၏ ငြိမ်းချမ်းရေးကာလ ၁၆ နှစ်ပြည့် အခမ်းအနား ကချင်မနောပွဲတော် တွင် ကေအိုင်အို ဒု-ဥက္ကဌ (၁) ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်း က လူထုအား “ကချင်ပြည်သူလူထု၏ အကျိူးကျေးဇူးကို မျှော်ကိုး၍ မကြာခင် ဖွဲ့စည်းပေါ်ထွက်လာမည့် ကချင်ပြည်တိုးတက်ရေးပါတီ (KSPP) အား ဆန္ဒမဲပေးကြရန်” တိုက်တွန်းသော မိန့်ခွန်းပြောကြားခဲ့သည်။

ယခင် ကေအိုင်အို ဒု-ဥက္ကဌ (၁) နဲ့ ယခု KSPP ပါတီ ခေါင်းဆောင် ဒေါက်တာတူးဂျာ။ ဓါတ်ပုံ - ကချင်သတင်းဌာန

အခြားတဖက်တွင်လည်း ဒူဝါ ချန်းခေါ ဦးဆောင်သော “ရှမ်းပြည်အရှေ့မြောက်ပိုင်းတိုးတက်ရေးပါတီ (NSPP)” ကချင်ပါတီ သည် ရှမ်းပြည်တွင် ၀င်ရောက်ယှဉ်ပြိုင်မည် ့ကချင်ပါတီဖြစ်ပြီး ယင်းပါတီမှာလည်း ဧပြီနောက်ဆုံးပတ်က နေပြည်တော်သို့ ပါတီမှတ်ပုံလျှောက်ထားခဲ့သည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားသည့်အဖွဲ့ ၃၀ ရှိသည့်အနက် ၂၄ ဖွဲ့ကိုနိင်ငံရေးပါတီ တည် ထောင်ခွင့်ပြုပြီ ဖြစ်သောကြောင့် ကျန်ပါတီအားဆက်လက် စိစစ်နေကြောင်း မေ ၅ ရက်နေ့ထုတ် စစ်အစိုးရ၏ မြန်မာ့အလင်းတွင်ဖေါ်ပြထားသည်။

ဒီကနေ့ မေ ရ ရက် ကို နောက်ဆုံးထားပြီး ရွေးကောက်ပွဲဝင်လိုသည့်နိုင်ငံရေးပါတီများ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး သို့ မှတ်ပုံတင်လျှောက်ထားရန် စစ်အစိုးရ သတ်မှတ်ထားသည်။

မြန်မာစစ်အစိုးရ၏ ပြောဆိုချက်အရ ၂၀၁၀ ရွေးကောက်ပွဲကို နှစ်ကုန်ပိုင်းတွင် ပြုလုပ်ကျင်းပသွားရန်ပြင်ဆင် နေကြောင်း သိရသည်။

Most read this week