ဒီကေဘီအေ အချင်းချင်း သဘောထားကွဲ လူထု စစ်ပွဲဖြစ်မည်ကို စိုးရိမ်

ဒီကေဘီအေ အချင်းချင်း သဘောထားကွဲ လူထု စစ်ပွဲဖြစ်မည်ကို စိုးရိမ်
by -
ခွန်အောင်မြတ်
တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) အချင်းချင်းကြားတွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွဲ့စည်းရန် သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေပြီး ဒီကေဘီအေ တပ်ဖွဲ့အချို့က ခွဲထွက်ရန် သတင်းထွက် ပေါ်လာသဖြင့် ကျေးရွာသားများက တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်....

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (ဒီကေဘီအေ) အချင်းချင်းကြားတွင် နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွဲ့စည်းရန် သဘောထားကွဲလွဲမှု ဖြစ်ပေါ်နေပြီး ဒီကေဘီအေ တပ်ဖွဲ့အချို့က ခွဲထွက်ရန် သတင်းထွက် ပေါ်လာသဖြင့် ကျေးရွာသားများက တိုက်ပွဲများဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။

ကော့ကရိတ်မြို့နယ် တပ်မဟာ (၅) ထိန်းချုပ်ရာဒေသများတွင် ဒီကေဘီအေက တပ်အင်အားများကို စုစည်း ထားသဖြင့် တပ်မှူးတပ်သားများကို စစ်ရေး သတိဖြင့် နေရန်၊ ကျေးရွာသားများကိုလည်း သတိ၀ီရိယဖြင့် နေကြရန် တပ်လှန့်ထားသည်ဟု ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

“အဲဒါ ကျနော်မကြားရသေးဘူး အဖြေပေးတာ။ ဘေးကလူပဲ ပြောတယ်၊ ဒီကေဘီအေ လက်ခံပြီ ဘာ ညာ။ ဒါပေမယ့် လူကြီးတွေက လက်ခံလား မခံလက်လား ကျနော်တို့ကိုတော့ ဘာမှမပြောသေးဘူး။ ဥပမာ နယ်ခြားစောင့်လုပ်မလား၊ မလုပ်ဘူးလား၊ ပြီးတော့ အခြေအနေကတော့ ကျနော်တို့ ဘယ်လို လုပ်ကိုင်ရမှာလဲ သူတို့က ဘာမှမပြောသေးဘူး။ ဒါပေမယ့် စစ်သားဟာ စစ်သားနဲ့ တူအောင် နေရ မယ်။ သတိ၀ီရိယနဲ့နေရမယ်၊ အဲလိုပဲ။ အဲဒီအခြေအနေမျိုးပဲ ကျနော်တို့ကို ပြောတယ် လူကြီးက။”

ကေအဲန်ယူထိန်းချုပ်ရာဒေသ တပ်မဟာ ၃၊ တပ်မဟာ ၅နှင့် တပ်မဟာ ရ ဘက်တွင် စစ်မက် ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဒေသခံကျေးရွာသားအချို့ တောထဲတွင် ကြိုတင်ပုန်းရှောင်နေကြကာ အများစု ထွက်ပြေးရန် အ ဆင်သင့်ပြင်ဆင်ထားပြီး စောင့်ကြည့်နေကြသည်ဟု ကေအဲန်ယူ တပ်မှူးကြီး တဦးက ပြောသည်။

“ရွာသားတွေကတော့ စိုးရိမ်တာပေါ့။ စိုးရိမ်တယ်ဆိုတာ ဖွ(သတိပေး)ထားတာပဲ ရှိပါတယ်။ ပြောင်း တာတော့ မရှိသေးပါဘူး။ ဒီနယ်စပ်တလျှောက်ဘက်ပေါ့။ ရွာသား တွေ တချို့ပြောတာပေါ့။ အဲလိုပဲ ကြားတယ်။ တကယ်လို့ စစ်ဖြစ်လို့ရှိရင် သူတို့ဒုက္ခရောက်မယ်ပေါ့။ ရွာသားတွေက ခါတိုင်း အရင် အတိုင်း သူတို့ကလည်းပဲ ကြောက်ထားစိတ်ရှိတယ်ဆိုတော့ ဒီလိုနည်းနည်း သတင်းတွေ ကြားရင် အဲ လိုမျိုး ပြေးချင်တာပဲ ရှိတာပေါ့။”

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်မခံသည့် ဒီကေဘီအေ တပ်ဖွဲ့အချို့က ကေအဲန်ယူနှင့် ပူးပေါင်းမည့် သူများလည်း ရှိသလို သီးခြားခွဲထွက်မည့်သူများလည်း ရှိသည်ဟု သတင်းထွက်ပေါ် နေသည်။

ယင်းအပေါ်နှင့်ပတ်သက်၍ ကေအန်ယူ၏ တွဲဖက် အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလှငွေက ယခုလို ပြောသည်။

“သူ့နည်းသူ့ဟန်နဲ့ ဆက်လှုပ်ရှားမယ့်အပေါ်မှာပဲ သူလုပ်နေလိမ့်မယ်လေ။ ကျနော်ကတော့ အဲလိုပဲ တွက်တယ်။ အခုလက်ရှိ တွေ့ရှိနေတဲ့ အနေအထားကတော့ ခန့်မှန်းခြေကတော့။ ကျန်တဲ့ကောင်တွေ ကတော့ ဘာမှမလှုပ်ရှားလည်း ရတယ်။ သူ့ဟာသူ နကိုယ်ကလည်း သူ့ဟာသူ ဘာတပ်ရင်း ဘာညာ ဆိုပေမယ့်လို့ သေနတ် ကိုင်ထားပြီး ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ့်ဟာကိုယ်လုပ်ပြီးတော့ ကိုယ်ခွင်မှာ ကိုယ်စိုးမိုးပြီးတော့ ဘုရင်လုပ်နေကြတဲ့ လူတွေ။ အခုချိန်ထိတော့ သူ့ဟာနဲ့သူတော့ သူခွင်နဲ့ သူတော့ နေနိုင်သေးတယ်ဆိုတော့ အဲဒါကတော့ မြွေမသေ တုတ်မကျိုးပေါ့။ ကျနော်တို့ဆီကိုတော့ ဘယ်သူ့မှ လာပြီးတော့ ကူပါကယ်ပါဆိုပြီး သို့မဟုတ် ကျနော်တို့ကတော့ ဟိုကဇာတ်လမ်းတလမ်းပြတ်ပြီ ကျုပ် တို့ကို ပြန်ပေါင်းမယ်ဆိုပြီး လာတဲ့ကောင်တွေ တယောက်မှ မတွေ့သေးပါဘူး။”

အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းဦး ဦးဆောင်သည့်အဖွဲ့နှင့်ဒီကေဘီအေ ခေါင်းဆောင် အချို့ ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့က ဌာချုပ် ဖြစ်သည့် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဆွေးနွေးကြရာ ဒီကေဘီအေ တပ်မှူးအချို့ တက်ရောက်ခဲ့ခြင်း မရှိဟု ယင်းအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

မြိုင်ကြီးငူ ဆရာတော် ဦးဆောင်သည့် ဒီကေဘီအေသည် ကေအဲန်ယူမှ ခွဲထွက်ပြီး ၁၉၉၄ ခုနှစ်တွင် မြန်မာ စစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။ လက်ရှိ တပ်အင်အား ရ၀၀၀ ကျော်ရှိဟု သိရှိရသည်။

Most read this week