ရခိုင်လူငယ် ၁၁ ဦးကို အင်းစိန်ထောင်တွင် ထပ်မံရုံးထုတ်

ရခိုင်လူငယ် ၁၁ ဦးကို အင်းစိန်ထောင်တွင် ထပ်မံရုံးထုတ်
by -
ထွန်းထွန်း
ဖမ်းဆီးခံနေရသော ရခိုင် လူငယ် ၁၁ ဦးကို မေလ ၂ ရက်နေ့က အင်းစိန်ထောင် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ သို့သော်လည်း မိသားစုများကို တက်ရောက် နားထောင်ခွင့်မပြုဟု...

ဖမ်းဆီးခံနေရသော ရခိုင် လူငယ် ၁၁ ဦးကို မေလ ၂ ရက်နေ့က အင်းစိန်ထောင် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ သို့သော်လည်း မိသားစုများကို တက်ရောက် နားထောင်ခွင့်မပြုဟု သိရသည်။

ဖမ်းခံထားရသူ ကိုထွန်းလင်းကျော် အစ်ကိုဖြစ်သူ ကိုကျော်စံဝင်းက တရားရုံးသို့့ တက်ရောက် နားထောင် ခွင့်မရသည့် အပေါ် ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တို့ရဲ့ မိသားစုတွေက သူတို့ အမူကို နားထောင်ချင်လို့ ရခိုင်ကနေ တကူးတကား လာကြ သူတွေ ဖြစ်ပါတယ်။ တရားသူကြီးကလည်း တွေ့ချင်ရင် တွေ့လို့ ရတယ်လို့ ပြောထားတဲ့အတွက် ရခိုင်ကနေ ရုံးချိန်း အမှီ လိုက်လာကြတာပါ။ အစားအသောက်တွေပါ သူတို့ အတွက် ၀ယ်ယူ လာခဲ့ကြပါတယ်။ ဒီတခါတော့ တွေ့ခွင့် ရမယ်ဆိုပီး လာကြတာပါ။ ထောင်ဗူးဝကိုရောက် တော့ အစောင့်အကြပ်တွေက မဝင်ရဘူးဆိုပီး တားပါတယ်” ဟု ပြောသည်။

တခြား ထောင်ကျ အကျဉ်းသားများကို အင်းစိန် အထူးခုံရုံးတွင် တရားစစ်ဆေးစဉ် တက်ရောက် နားထောင်ခွင့်ပြုသော်လည်း ရခိုင်လူငယ် ၁၁ ဦး အမူကိုမူ မိသာစု အနေဖြင့် တက်ရောက် နားထောင်ခွင့် မရဘဲ ဖြစ်နေသည့် အပေါ် အများက နားမလည် အောင် ဖြစ်နေကြသည်ဟု သိရသည်။

ဖမ်းဆီး ခံထားရသည့် ရခိုင်လူငယ်များမှာ ကိုကျော်ဇောထွန်း၊ ကိုခင်မောင်ဌေး၊ ကိုကျော်ဆန်းလှိုင်၊ ကိုဇော်ထွန်းဦး၊ ကိုကျော်မိုး၊ ကိုကျော်ဝင်း၊ ကိုထွန်းလင်းကျော်၊ ကိုနိုင်စိုး(မဲလုံး)၊ ကို မောင်နိုင်စိုး၊ ကိုကျော်စံသိန်း၊ အောင်မိုးဇော်တို့ ဖြစ်ကြပြီး သူတို့အား လွန်ခဲ့သောနှစ် ဒီဇင်္ဘာလ ၂၉ ရက်နေ့မှ စပြီး အင်းစိန်ထောင် အနောက်ပိုင်း တရားရုံးတွင် တရား စစ်ဆေးနေခြင်း ဖြစ်သည်။

သူတို့အား ဖောက်ခွဲမှု၊ နယ်စပ် ဖြတ်ကျော်မှု၊ တရားမဝင် အသင်းများ နှင့်ဆက်စပ်မှု စသည့် အမူများ အပါအဝင် စုစုပေါင်း အမှုပေါင်း (၅) ခုဖြင့် တရားစွဲဆိုထားသည်။

သူတို့ကို လွန်ခဲ့သောနှစ် စက်တင်္ဘာလက ရန်ကုန်နှင့် စစ်တွေမြို့တို့မှ ဖမ်းဆီးခဲ့သည်။

ယခုကဲ့သို့ ရခိုင်လူငယ် ၁၁ ဦး၏ မိသားစုဝင်များအား တခြား ထောင်ကျ မိသားစုများကဲ့သို့ အမူကို တက်ရောက်နားထောင်ခွင့် မပြုသဖြင့် အမူလိုက် ရှေ့နေ ဦးကျော်ဟိုးမှ တရားသူကြီး ဖြစ်သူ ဦးစန်းမြင့်ထံ တက်ရောက် နားထောင်ခွင့် ပြုရန် တင်ပြတောင်းဆိုထားသော်လည်း ယခုအချိန်ထိ ခွင့်ပြုချက် မပေးသေးကြောင်း သိရသည်။

Most read this week