ဗကသ ခွပ်ဒေါင်းအလံအား ပါတီအလံအဖြစ်သုံးခြင်းကို ဗကသ အဖွဲ့ချုပ်က ကန့်ကွက်

ဗကသ ခွပ်ဒေါင်းအလံအား ပါတီအလံအဖြစ်သုံးခြင်းကို ဗကသ အဖွဲ့ချုပ်က ကန့်ကွက်
by -
ဇော်ကြီး
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) အလံအား ပါတီတခုက ပါတီအလံအဖြစ် အသုံးပြု သည့်အပေါ် ဗကသ အဖွဲ့ချုပ်က ယမန်နေ့ရက်စွဲဖြင့် ကန့်ကွက်စာ ထုတ်ပြန်...

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) အလံအား ပါတီတခုက ပါတီအလံအဖြစ် အသုံးပြု သည့်အပေါ် ဗကသ အဖွဲ့ချုပ်က ယမန်နေ့ရက်စွဲဖြင့် ကန့်ကွက်စာ ထုတ်ပြန် လိုက်သည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီက ရွေးကောက် ပွဲဝင်ရန် ပါတီအလံ တင်ပြရာ၌ ဗကသများအဖွဲ့ချုပ်အလံနှင့် တစ်ပုံစံတည်း ဖြစ်နေသည့်အတွက် ယခုလို ကန့်ကွက်လိုက်ခြင်းဖြစ် သည်။

ဗကသ အလံသည် ၁၉၆၀ ခုနှစ်က ကျင်းပခဲ့သည့် ဆဌမအကြိမ်ညီလာခံမှ အဖွဲ့၏ စည်းမျဉ်းနှင့်အညီ တရား ၀င်အလံအဖြစ် အတည်ပြုထားသည့်အလံဖြစ်သည်ဟု ဗကသ နိုင်ငံခြားရေးရာကော်မတီ တာဝန်ခံ ကိုမင်းနိုင်က ပြောသည်။  

“ကျနော်တို့အနေနဲ့ ပြောစရာရှိတာက ဘာလဲဆိုလို့ရှိရင် ကျောင်းသားသမဂ္ဂ (ဗကသ) များ အဖွဲ့ချုပ် ရဲ့ အလံဆိုတာ ကျောင်းသားထု အစည်းအဝေးကနေပြီးတော့ တရားဝင်သတ်မှတ်ထားတဲ့ အလံဖြစ် တယ်ဗျ။ အဲဒီခါကျတော့ အခုလိုကိုယ့်နည်းကိုယ့်ဟန်နဲ့ လူတစ်စုကနေ စုဖွဲ့တဲ့ ပါတီတစ်ရပ်အနေနဲ့ ဘယ်သူမှ သုံးစွဲခွင့်မရှိဘူး။”

အကယ်၍ ယင်းအလံအား ဆက်လက်အသုံးပြုသွားမည်ဆိုပါက နောင်တချိန် ကျောင်းသားထု တစ်ရပ်လုံးနှင့် ရင်ဆိုင်ဖြေရှင်းရမည်ဟု ကိုမင်းနိုင် က ဆက်ပြောသည်။

“ဒီပါတီကို ကျနော်တို့အနေနဲ့ပြောချင်တာကတော့ တကယ့်တရားဝင်ကျောင်းသားညီလာခံတစ်ရပ်ပေါ် လာတဲ့ခါကျရင်သူတို့ဖြေရှင်းရလိမ့်မယ်။အဲဒီညီလာခံကနေပြီး ဒီပါတီကနေပြီးတော့ ကျောင်းသားသမ ဂ္ဂ္ဂများ အဖွဲ့ချုပ် အလံကိုယူသုံးတဲ့အတွက် သူတို့ကို အဲဒီညီလာခံက ဆုံးဖြတ်ကြလိမ့်မယ်။”

ဗကသ အလံသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ လွတ်လပ်ရေးနှင့် အာဏာရှင် စံနစ်တိုက် ဖျက်ရေး၊ ဒီမိုကရေစီရေးလှုပ်ရှားမှု ကာလ တစ်လျောက် လုံးတွင် ပြည်သူလူထုတစ်ရပ်လုံးဖက်မှ ရပ်တည် တိုက်ပွဲ ၀င်ခဲ့ပြီး ကျောင်းသားသမဂ္ဂအသီးသီးမှ သမဂ္ဂအလံအဖြစ် သမိုင်းအစဉ် အဆက်ကတည်းက သုံးစွဲလာခဲ့သည်။

ထို့အပြင် ဗကသများ အဖွဲ့ချုပ်အနေနှင့် ယနေ့အချိန်အထိ ကမ္ဘာ့ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (IUS)၊ ကမ္ဘာ့ ဒီမိုကရက်တစ် ကျောင်းသားများအဖွဲ့ချုပ်(WFDY)နှင့် အာရှကျောင်းသားများအဖွဲ့ (ASA)တို့တွင် အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုဖြင့် တရားဝင်ရပ်တည် နေသည့် အဖွဲ့လည်း ဖြစ်သည်ဟု ဆက်လက်ဖော်ပြ ထားသည်။

ပါတီအလံအဖြစ် အသုံးပြုမှု ကန့်ကွက်သည့်အပေါ် ၈၈ မျိုးဆက်ကျောင်းသား လူငယ်များ အဖွဲ့ (ပြည်တောင် စုမြန်မာနိုင်ငံ) ပါတီ ဦးဆောင်သူများ၏ သဘောထားကို သိရှိရန် တယ်လီဖုန်းဖြင့် ကြိုးစားဆက်သွယ် ခဲ့သော် လည်း ပြန်လည်ဖြေဆိုမည့်သူမရှိပေ။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များအဖွဲ့(ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီအား ၈၈ ကျောင်းသားဟောင်း တဦး ဖြစ်ပြီး ယခု ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင် ကိုအေးလွင်၏ ညီဖြစ် သူ ကိုရဲထွန်းက ဦးဆောင်ဖွဲ့စည်းခဲ့သည်။

Most read this week