တောင်ပေါ်သား လူနည်းစုများကို ပေါ်တာ အဖြစ် နအဖ စစ်တပ်မှ ခိုင်းစေနေ

တောင်ပေါ်သား လူနည်းစုများကို ပေါ်တာ အဖြစ် နအဖ စစ်တပ်မှ ခိုင်းစေနေ
by -
မောင်အေး
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသားများကို ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများမှ အခကြေးငွေ တစုံတရာ မပေးဘဲ အထမ်းသမား ပေါ်တာများ အဖြစ် အသုံးပြု နေကြောင်း ဒိုင်းနက် အမျိုးသား တဦးက....

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်မှ တောင်ပေါ် တိုင်းရင်းသားများကို ဒေသ အခြေစိုက် စစ်တပ် တပ်ရင်းများမှ အခကြေးငွေ တစုံတရာ မပေးဘဲ အထမ်းသမား ပေါ်တာများ အဖြစ် အသုံးပြု နေကြောင်း ဒိုင်းနက် အမျိုးသား တဦးက ပြောသည်။

“စစ်တပ်တွေက ရွာတွေကို အဖွဲ့လိုက် အထမ်းသမားတွေ အတင်း တောင်းပီး ခိုင်းစေနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေ အနေနဲ့ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း တောင်ဘဇားစျေးက ရိက္ခာတွေကို ဒိုးတန်း တောင်ကို ဖြတ်ပြီး ၀ါးနက်ရုံစခန်းနဲ့ နဟုံးနဟန်း ရှေ့တန်း စခန်းတွေကို ပို့ပေးရပါတယ်။ ခရီးက အသွား အပြန်က ၂ ရက် ကြာပါတယ်။ တခါတခါ ပိုက်ဆံ တကျပ်မှ မရပါ။ တခါတခါ တလေကျတော့လည်း စစ်ဗိုလ်တွေက တယောက်ကို ၁၀၀ ကျပ် အဲသလိုမျိုးပေးတာ ရှိပါတယ်။ တနေ့လုပ်အားခ ကျပ် ၁၀၀၀ ရှိတဲ့ နေရာမှာ ကျပ် ၁၀၀ ရလို့ကတော့ ဘာမှ ထူးတာ မဟုုတ်ပါဘူး။”

၀ါးနက်ရုံ စခန်းနှင့် နဟုံးနဟန်း ရှေ့တန်း စခန်းများ နအဖ စစ်တပ်၏ အမာခံ ခြေကုတ် ရှေ့တန်း စခန်းများ ဖြစ်ပြီး ဘူးသီတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေချ့် နယ်စပ်နှင့် နီးကပ်စွာ တည်ရှိနေသော စခန်းများ ဖြစ်ကြသည်။

အဆိုပါ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းတွင် အဓိက နေထိုင်သော ရခိုင်မျိုးနွယ်စုများမှာ ဒိုင်းနက်နှင့် မြို လူမျိုးများ ဖြစ်ကြပြီး သူတို့ကို စစ်တပ် အတွက် ရိက္ခာများ သယ်ယူရာတွင် အမြဲ ခိုင်းစေနေကြောင်း သူက ပြောသည်။

mro-community

“အခုက မိုးရာသီ လာတော့မယ်ဆိုတော့ စစ်တပ်က ရိက္ခာတွေကို အလုံအရင်းနဲ့ ရှေ့တန်းစခန်း တွေကို တင်ပို့နေပါတယ်။ မိုးရာသီဆိုရင် စိုင်းတင် ချောင်းက ရေစီးသန်တဲ့ အတွက် အဲဒီ ချောင်းကို ဖြတ်ပီး ရှေ့တန်း စခန်းတွေကို ရိက္ခာတွေ တင်ပို့လို့ မရဘူး။ ဒါကြောင့် စစ်တပ်က ကျေးရွာတွေ အလိုက် လူတွေကို ဆင့်ခေါ်ပီး ရိက္ခာတွေကို အခု ရှေ့တန်း စခန်းတွေကို ပို့ပေးနေတာ ဖြစ်ပါတယ်။”

ယခု စစ်တပ်မှ ရိက္ခာသယ်ရန် ပေါ်တာ အထမ်းသမားများ ခေါ်ယူ ခံနေကြရသော ကျေးရွာများမှာ ပန်းကုံးမ၊ ချောင်းရှည်၊ ပေါက်ကျပ်ဝ၊ စအုန်းခါး၊ ဘိုလီဖြူ၊ ပဲသတူ၊ ဂုတ်ပီ်နှင့် သရဂူကျေးရွာများ ဖြစ်ကြသည်ဟု သူက ပြောသည်။

“ယခု လက်ရှိ ၀ါးနက်ရုံစခန်းမှာ စခန်းထိုင်နေတာကတော့ ပုဏ္ဍားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်း ဖြစ်ပါတယ်။ များမကြာမီ ရက်ပိုင်းအတွင်း ရသေ့တောင် အခြေစိုက် ခမရ ၅၃၈ တပ်ရင်းနဲ့ အလဲအလှယ် ပြုလုပ်မယ်လို့ သိရပါတယ်။ တပ်ရင်း အလဲအလှယ် လုပ်ရင်လည်း ကျွန်တော်တို့ ဒေသခံတွေကို ပိုက်ဆံ တပြားမှ မပေးဘဲ အထုတ်အပိုးတွေကို သယ်ခိုင်းပါတယ်။ လက်နက်ခဲယမ်း မီးကျောက်တွေကိုလည်း သယ်ခိုင်းပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုကဲသို့ ကျေးရွာသားများကို စစ်တပ်မှ ပေါ်တာ အထမ်းသမားများ အဖြစ် အသုံးပြုနေသဖြင့် ဒိုင်းနက်နှင့် မြိုလူမျိုး အများစုမှာ မိုးရာသီ နီးကပ်လာပြီ ဖြစ်သော်လည်း တောင်ယာ လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေကြသည်ဟု သိရသည်။

Most read this week