မူးယစ်ဆေးသမား ခိုးယူမှုများသဖြင့် ဒေသခံများ အခက်တွေ့

မူးယစ်ဆေးသမား ခိုးယူမှုများသဖြင့် ဒေသခံများ အခက်တွေ့
by -
ဇော်ကြီး
ကချင်ပြည်နယ်၊ နမ္မတီးနှင့်် မိုးကောင်းမြို့နယ်များတွင် မူးယစ်ဆေး သုံးစွဲသူများ ပစ္စည်းခိုးယူမှုကြောင့် ဒေသခံ အခက်တွေ့...

ကချင်ပြည်နယ်၊ နမ္မတီးနှင့်် မိုးကောင်းမြို့နယ်များတွင် မူးယစ်ဆေး သုံးစွဲသူများ ပစ္စည်းခိုးယူမှုကြောင့် ဒေသခံ အခက်တွေ့နေကြသည်။

ဒေသအတွင်းရှိ မြို့ပေါ်နှင့် ကျေးလက်များတွင် မူးယစ်ဆေးသုံးစွဲသူ ပိုများလာပြီး ပစ္စည်းပျောက်ဆုံးမူများကြောင့် ဒေသခံလူထုများ စိတ်အနှောက်အယှက် ဖြစ်နေ ကြသည် ဟု နမ္မတီးမြို့ခံ တစ်ဦးက ယခုလိုပြောသည်။

“ဖိုးသမားတွေဘိန်းစားတွေပေါလွန်းတာကပြောမနေနဲ့တော့ဗျာ။ နောက်ဖေးမှာလှန်းထားတဲ့ ထမီတွေ တောင်လိုက်ခိုးနေကြပြီ။ တော်တော်ကိုဆိုးနေတယ်။”

ခိုးသူများကို ဖမ်းမိသော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ထိရောက်သည့် အရေးယူမှုမရှိသည့်အပြင် လာဘ်စားပြီး ပြန်လွတ်သည်ဟု ၎င်းကဆက်ပြောသည်။

“ဒီမှာ ဖမ်းတယ်ဆိုတာက ပိုက်ဆံကိုဖမ်းတာ လူကိုဖမ်းတာမှ မဟုတ်တာ။ ဖမ်းတယ် ဆိုတာက ခန လေးပဲလေ။ လက်ထိပ်ခတ်လိုက်ပြီးတာနဲ့ ပိုက်ဆံသွားပေးလိုက်ရင် ခနဆို ပြန်လွတ် လာတာပဲလေ။”

လွန်ခဲ့သည့် (၂) ရက်က နမ္မတီးသကြားစက်ရုံ မြောက်ဖက်ရှိ ရှမ်းတိုင်းရင်းသားများ နှစ်ပေါင်းရာနှင့်ချီ၍ တည် ထားကိုးကွယ်လာသည့် စောဝ်ဆမ်တာ စေတီ ဖောက်ထွင်း ခံရပြီး ဌာပနာများ ပျောက်ဆုံးသွားခဲ့သည်ဟု ဆက် ပြောသည်။

“ရှေးတုန်းက ရွှေငွေတွေပေ့ါနော။ နောက်ကျောက်စိမ်းတွေဘာတွေ သူများအဲမှာ ဌာပနာ သွင်းမယ် ဆိုပြီးတော့ ထည့်လှူထားတာ။  စေတီပုံစံက ဆန်းတယ်ဗျ။ နှစ်ထပ်။ အတွင်း အထပ်မှာ မှန်တွေကာ ပြီးတော့ လူတွေအပူဇော်ခံနိုင်အောင်ဆိုပြီးတော့ ပြထားတယ်။ အပြင် မှာက သံတံခါးနဲ့ သော့ခတ် ထားတာ။ အဲဒီသံတံခါးကို ဖွင့်ပြီး တော့ မှန်ကိုရိုက်ခွဲပြီး ယူသွားတာ။ မနေ့ကပဲ ကျနော် သွားကြည့်ခဲ့တာ။”

ကျောင်းထိုင်ဆရာတော်မှာ ၀ုိင်းမော်မြို့နယ် တာလောကြီးဆရာတော် ပျံလွန်ပွဲသို့ သွားနေစဉ် ဖောက်ထွင်းခံရခြင်းဖြစ်သည်။

ဖောက်ထွင်းသူ တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသော်လည်း ဒေသခံများက မူးယစ်ဆေးဝါး သုံးစွဲများ၏ လက် ချက်ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြို့နယ်တွင်းသက်ဆိုင်ရာတာဝန်ရှိသူများမှ လာရောက်ကြည့်ရှု စစ်ဆေးခြင်း မပြုလုုပ် သဖြင့် ဒေသခံများက အမျိုးမျိုးဝေဖန်ပြောဆို နေကြသည်။

Most read this week