မြန်မာ အနောက်ဘက် နယ်စပ်တွင် အာဏာပိုင်များမှ ဗုံးလှန့်ထား

မြန်မာ အနောက်ဘက် နယ်စပ်တွင် အာဏာပိုင်များမှ ဗုံးလှန့်ထား
by -
တာကလူး
မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် ဒေသခံ အာဏာပိုင်များမှ ဗုံးလှန့်ထားပြီး အစိုးရ ဌာနဆိုင်ရာ အဆောက်အဦးများ၊ ကားလမ်းမများနှင့် လူစည်ကားရာ အရပ်များတွင် လုံခြံုရေး တိုးမြှင့်ချထားသည်ဟု....

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် ဒေသခံ အာဏာပိုင်များမှ ဗုံးလှန့်ထားပြီး အစိုးရ ဌာနဆိုင်ရာ အဆောက်အဦးများ၊ ကားလမ်းမများနှင့် လူစည်ကားရာ အရပ်များတွင် လုံခြံုရေး တိုးမြှင့်ချထားသည်ဟု သတင်းရရှိသည်။

ဘင်္ဂလာ နယ်စပ်ဘက်မှ ဖောက်ခွဲရေးသမား (၄၀) ကျော်သည် ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ရန် မြန်မာဘက်သို့ ၀င်ရောက်နေသည်ဟု စစ်ဘက် ဆိုင်ရာမှ သတင်းထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ လုံခြံုရေးကို တိုးမြှင့် လိုက်ခြင်းဖြစ်သည်ဟု မောင်တောမှ အမည်မဖေါ်လိုသူ ရဲအရာရှိတစ်ဦးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

"အနောက်ဘက် နယ်စပ် ဘင်္ဂလာနယ်ဘက်က တဆင့်ပေါ့နော် ဖောက်ခွဲရေးသမား ၄၀ ကျော်ဟာ ဖေါက်ခွဲရေး ပစ္စည်းတွေနဲ့ အတူ မောင်တော၊ ဘူးသီးတောင် နယ်မြေထဲကို ၀င်နေတယ်လို့ စစ်ဘက်ဆိုင်ရာ ကနေ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း လွန်ခဲ့တဲ့ စနေနေ့က စပီး ခုလို လုံခြံုရေး တိုးမြင့် လိုက်တာ ဖြစ်ပါတယ်။" ဟု ပြောသည်။

၁၆ မိုင် အရှည်ရှိ မောင်တော-ဘူးသီးတောင် ကားလမ်းမ တလျှောက်ရှိ ယခင်က ရဲသားများအား လုံခြံုရေးချထားသည့် နေရာများတွင် ယခုအခါ ဘူးသီးတောင် ဗျူဟာတပ်ရင်းမှ တပ်စိပ် (၅)စိပ်ဖြင့် အစားထိုး ချထားပြီး တခြား အရေးကြီးသော အစိုးရ အဆောက်အဦးများတွင်လည်း လုံခြံုရေး တိုးမြင့် ချထားသည်ဟု သိရသည်။

မျက်မြင်ကလည်း ဘူးသီးတောင် အခြေစိုက် (BE) ခေါ် ဗုံးရှာဖွေရေးအဖွဲ့မှ လည်း အစိုးရ ဌာနဆိုင်ရာ ရုံးအဆောက်ဦးများတွင် ဗုံးရှာဖွေရေးများ ပြုလုပ်နေကြောင်း အတည်ပြု ပြောကြားသည်။

ဒေသခံများ၏ အဆိုအရ ထောက်လှမ်းရေးများကိုလည်း နေရာအနှံ့ ဖြန့်ကျက်ချထားပြီး ရဲတပ်ဖွဲ့မှ လည်း ဒေသတွင်း ကျေးရွာများတွင် ညအချိန် ဧည့်စာရင်း စစ်မှုများ ကို တိုးမြှင့် ပြုလုပ်နေကြောင်း စုံစမ်း သိရှိရသည်။

နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလုပ်သမားနေ့ မိန့်ခွန်းတွင် ပြည်တွင်းပြည်ပမှ အဖျက်သမားများသည် လာမည့် ရွှေးကောက်ပွဲ လမ်းလျှော် ပျက်ပြား သွားအောင် ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ရန် ကြံရွယ်နေသည်ဟု ပြောကြားခဲ့သည်။

မြန်မာ နှစ်သစ်ကူး သင်္ကြန်ပွဲတော် အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့တွင် ရန်ကုန် X2O မဏ္ဍပ်၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လူ ၁၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၇၀ ဒဏ်ရာ ရရှိခဲ့သည်။ ၄င်းနောက်ပိုင်းတွင် အစိုးရ ရေကာတာ စီမံကိန်းများတွင်လည်း ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့သည်။

အဆိုပါ ဗုံးများ အပါအဝင် မြန်မာနိုင်ငံ၌ ပေါက်ကွဲခဲ့သော ဗုံးများ၏ လက်သည် တရားခံ အဖြစ် မြန်မာ နအဖစစ်အစိုးရသည် တိုင်ရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ပြည်ပ အခြေစိုက် ဒီမိုကရေစီ အတိုက်အခံ အင်အားစုများကို စွပ်စွဲ ပြောဆိုလေ့ရှိသည်။

မြန်မာအနောက်ဘက်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ယခင်က ရခိုင် လက်နက်ကိုင်တပ်ဖွဲ့များ အင်အား အများအပြားဖြင့် တပ်စွဲ အခြေစိုက်လျက် ရှိနေခဲ့ကြသော်လည်း ၂၀၀၁-ခုနောက်ပိုင်းမှ စ၍ လက်နက်ကိုင်အဖွဲ့များမှာ အင်အားလျော့နည်း သွားခဲ့ကြောင်း နယ်စပ် သတင်း ရပ်ကွက်များ အရ သိရသည်။

Most read this week