တိုင်းမှူးကတော် မှာယူသော သဇင်ဥ ရရှိရေး ဒေသခံရွာသားများ အတင်း အဓမ္မ စေခိုင်း ခံနေရ

တိုင်းမှူးကတော် မှာယူသော သဇင်ဥ ရရှိရေး ဒေသခံရွာသားများ အတင်း အဓမ္မ စေခိုင်း ခံနေရ
by -
ထွန်းထွန်း
အနောက်ပိုင်း တိုင်းမှူးကတော် မှာယူသော ရှားပါး သဇင်ဥများကို ဒေသခံ စစ်တပ်များမှ ကျေးရွာသားများကို အတင်း အဓမ္မ ရှာဖွေပြီး စစ်တပ်သို့ ပို့ဆောင်ခိုင်း နေသည်ဟု ကျေးရွာသားများက....

အနောက်ပိုင်း တိုင်းမှူးကတော် မှာယူသော ရှားပါး သဇင်ဥများကို ဒေသခံ စစ်တပ်များမှ ကျေးရွာသားများကို အတင်း အဓမ္မ ရှာဖွေပြီး စစ်တပ်သို့ ပို့ဆောင်ခိုင်း နေသည်ဟု ကျေးရွာသားများက ပြောသည်။

“အနောက်ပိုင်းတိုင်း တိုင်းမှူးကတော် ဒေါ်မြမြစံက ရှားပါး သဇင်ဥ ပိသာ ၂၀ ကို ပို့ပေးရမယ်ဆိုပြီး ပလက်ဝမြို့နယ် အခြေစိုက် တပ်ရင်း တပ်ဖွဲ့တွေကို အမိန့် ပေးထားတဲ့ အတွက် စစ်တပ်တွေက ကျေးရွာသားတွေကို ရွာအလိုက် သဇင်ဥတွေ ပေးသွင်းရမယ်ဆိုပီး အမိန့်ပေးထားပါတယ်။ အခုအခါ ကျေးရွာတွေအလိုက် ရှားပါး သဇင်ဥ တွေကို တောအနှံ့တောင်အနှံ့ လိုက်ရှာနေကြရပါတယ်။”

အဆိုပါ ခိုင်းစေမှုကို ပလက်ဝ အခြေစိုက် စစ်ဗျူဟာ (၁) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များမှ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“အခု သဇင်ဥ ရှာပုံတော် ဖွင့်နေရတဲ့ ကျေးရွာသားတွေကတော့ ပလက်ဝမြို့နယ်က တရွိုင်အိုင်၊ မီးလက်ဝ၊ သဲမဝ၊ စက်ပစ်ပြင်၊ မီးချောင်း၊ အုပ်သလင်းဝ၊ ဒလက်မေနှင့် အခြားကျေးရွာတွေက ဖြစ်ပါ တယ်။ စေခိုင်းနေတဲ့ တပ်ရင်းတွေက ခမရ ၂၈၉ တပ်ရင်း၊ များမကြာခင်ကမှ ရှေ့တန်း လှုပ်ရှား စစ်ကြောင်း အဖြစ် ရောက်ရှိလာတဲ့ ခမ ရ ၂၃၄ နဲ့ ကျောက်ဖြူ အခြေစိုက် ၃၄ တပ်ရင်းတို့ ဖြစ်ကြပါတယ်။”

တပ်ရင်း တရင်းကို ရ ပိသာစီ ပေးရသွင်းမည်ဟု တိုင်းမှူးကတော်မှ မှာယူထားသဖြင့် တပ်ရင်းမှူးများ အနေဖြင့် သဇင်ဥ ရရှိရေးကို အထူး ဦးစားပေး လုပ်ငန်း အဖြစ် ဆောင်ရွက်နေကြသည်ဟု သိရသည်။

bulbclarkeanum

၎င်းပြင် အဆိုပါ ဒေသမှ ရောက်ရှိလာသူ ကိုညီညီနိုင်ကလည်း သဇင်ဥ ရှာဖွေရန် ကျေးရွာသားများကို အတင်း အဓမ္မ စေခိုင်းနေခြင်းကို အတည်ပြု ပြောကြားပြီး မပေးသွင်းနိုင်သည့် ကျေးရွာများ အနေဖြင့် ဒဏ်ငွေ ပေးဆောင်ရမည်ဟု ပြောသည်။

“ဒီနှစ် ဇန္နဝါရီလ ပထမအပတ် ကတည်းက စစ်တပ်တွေကို သဇင်ဥ ပိသာ ၂၀ စီ ပို့ပေးရမယ်ဆိုပီး အနောက်ပိုင်းတိုင်းက ခိုင်းထားတယ်လို့ သိရပါတယ်။ သဇင်ဥက မြင်တဲ့ နေရာမှာ ပေါက်ရောက်တာ မဟုတ်တော့ စစ်သားတွေက ရှာဖွေလို့ မရနိုင်ဘူး။ သူတို့ ရှာဖွေလို့ မရတော့ ကျေးရွာ တိုင်းက ဥက္ကဌတွေကို ခေါ်ပီး တရွာကို သဇင်ဥ အနည်းဆုံး ၅ ပိသာ ရှာပေးရမယ်။ ရှာမပေးနိုင်တဲ့ ရွာကို ကျပ်ငွေ ၅၀၀၀၀ ဒဏ်တပ်မယ်ဆိုပီး စစ်တပ်က ပြောထားတယ်လို့ သိရပါတယ်။”

ဒေသခံစစ်တပ်၏ အမိန့်ကိုမဖီဆန်နိုင်သောကြောင့် ကျေးရွာသားများမှာ သဇင်ဥရရှိရေးအတွက် တတောင်တက် တတောင်ဆင်း တတောဝင် တတောထွက်ဖြင့် နေ့ရော ညပါ သဇင်ဥများကို ရှာဖွေနေကြရသည်ဟု သိရသည်။

အဆိုပါ သဇင်ဥများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးရန် အတွက် တိုင်းမှူးကတော်မှ မှာယူခြင်း ဖြစ်ကြောင်း သိရှိရသည်။

Most read this week