စစ်အစိုးရနှင့် ကေအိုင်အို အသွင်ကူးပြောင်းရေးအတွက် နားလည်မှုရ

စစ်အစိုးရနှင့် ကေအိုင်အို အသွင်ကူးပြောင်းရေးအတွက် နားလည်မှုရ
by -
ဇော်ကြီး
မြန်မာစစ်အစိုးရနှင့် ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ အသွင်ကူးပြောင်းရေး ပြုလုပ်ရန် နှစ်ဖက်် သဘောတူညီမှု....

မြန်မာစစ်အစိုးရနှင့် ကချင်ပြည်လွတ်မြောက်ရေး အဖွဲ့ KIO တို့ တွေ့ဆုံဆွေးနွေးခဲ့ရာ အသွင်ကူးပြောင်းရေး ပြုလုပ်ရန် နှစ်ဖက်် သဘောတူညီမှု ရခဲ့သည်။

ကေအိုင်အိုဥက္ကဌ ဦးဇောင်းဟရားနှင့် အတွင်းရေးမှူး ဒေါက်တာလဂျာတို့ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ် ဌာနချုပ်တွင် စစ်အစိုးရဝန်ကြီး ဗိုလ်ချုပ်သိန်းဇော်နှင့် ယခုလ ၂၈ ရက်နေ့ က  တွေ့ဆုံခဲ့အပြီး ယခုလို သဘော တူညီမှုရခဲ့ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို KIO မှငြင်းဆိုထားသည့်အပေါ် စစ်အစိုးရနှင့် ဆက်လက် ဆွေးနွေးမှု မပြု တော့ဘဲ KIO အဖွဲ့အား အသွင်ကူးပြောင်းရေးကို ၎င်းတို့ သဘောကျ ဆောင်ရွက်သွားရန် စစ်အစိုးရနှင့် သဘော တူညီမှုရကြောင်း KIO ဒု-နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းစ်လွန်းဒေါင် ကယခုလိုပြောသည်။

“အစိုးရကနေ ခင်ဗျားတို့ အဲတာကို သင့်တော်သလို အကောင်းဆုံးဖြစ်အောင် တိုင်းပြည် အတွက် အ ကျိုးပြုတဲ့ အချက်တွေသာပေါ်အောင် ခင်ဗျားတို့ ကြိုးစားသွား။ အဲဒါကြောင့် အဲဒါကို ဆက်လုပ် သွားဆိုပြီးတော့မှ ကျနော်တို့ကို ဒါတာဝန်ပေးတယ်။ ဒါကြောင့် ဒီနေ့ကစလို့ BGF မပြောတော့ဘူး။ အဲဒီအသွင်ကူးပြောင်းရေးကို လူတစ်ဦးတစ်ယောက်က လာပြီးတော့ ကြပ်မတ်တဲ့ပုံစံ မဟုတ်ဘဲနဲ့ ကေအိုင်အိုကနေ ကြပ်မတ်ပြီးတော့မှ အသွင်ကူးပြောင်းရေးကို ဖြစ်နိုင်သလောက် ကျနော်တို့ လုပ် သွားမယ်။ အဲဒီဟာကို ကျနော်တို့ သဘောတူကြတယ်။”

နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် ပတ်သက်၍ KIO အဖွဲ့မှ တင်ပြထားချက်များအား စစ်အစိုးရ က လက်ခံခဲ့ပြီး နောက် အသွင်ကူးပြောင်းရေးကိစ္စကို ဆက်လက် ဆောင်ရွက် သွားရန် ရှိသည်။

ယင်းကိစ္စဆောင်ရွက်ရန် စစ်အစိုးရဖက်က တစ်စုံတစ်ရာ စည်းကမ်းသတ်မှတ် ထားခြင်း မရှိသလို အချိန်ကာလ သတ်မှတ်မှုလည်း မရှိဟု ဂျိမ်းစ်လွန်းဒေါင်က ဆက်ပြောသည်။

KIO အနေနှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပြီး အသွင်ပြောင်းရေး ကိစ္စ ဆောင်ရွက်သွား ရန် စစ်အစိုးရဖက်က သဘောတူလိုက်ကြောင်း ကြားသိရသည်ဟု လိုင်ဇာမြို့မှ ကေအိုင်အိုနှင့် နီးစပ်သူ တစ်ဦးက ယခုလိုပြောသည်။

“ဒီတခေါက်တော့ နေ့ရက် သတ်မှတ်ချက်တွေတော့ မပေးတော့ဘူးလို့ အဲလိုပြောသွား တယ်တဲ့။ ငြိမ်း ချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမယ်ပေ့ါ။ ကျန်တဲ့ဟာ တွေကို ဖြည်းဖြည်းချင်းညှိယူမယ်။ ငြိမ်း ချမ်းရေးကိုတော့ အပျက် မခံဘူးပေ့ါ။ သူတို့(စစ်အစိုးရ)က အဲလိုပြောတယ်တဲ့။ အတင်းအကျပ်တော့ မလုပ်ခိုင်းတော့ဘူးလို့ ပြောတယ်။”

စစ်အစိုးရနှင့် KIO အဖွဲ့တို့ တိကျသည့်အဖြေမထွက်ပေါ်မီ ဒေသတွင်းပြည်သူလူထုများက တိုက်ပွဲများဖြစ်ပွား လာမည်ကို စိုးရိမ်၍ တရုတ်နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်သူ အချို့ လည်း ရှိသည်ဟု ၎င်းကပြောသည်။

KIO ထိန်းချုပ်နယ်မြေအတွင်း စစ်အစိုးရတပ်မှ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိသော်လည်း လွန်ခဲ့သည့် တစ်ပါတ် အတွင်းက စစ်အစိုးရတပ်များနှင့် လက်နက်ခဲယမ်းများ တင်ဆောင် လာသည့် ကားစီးရေသုံးရာခန့် မန္တလေးမှ ဗန်းမော်မြို့နှင့် ရွှေကူမြို့သို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ပြီးခဲ့တဲ့ အပါတ်ကတော့ ရွှေကူဗန်းမော်ကို တင့်ကားတွေနဲ့တပ်တွေ ရောက်တယ်လို့ ကြားတယ်။ အ စီးသုံးရာလောက်ရှိတယ်တဲ့။ ဧရာဝတီ အရှေ့ကမ်းကို အင်အား ဖြည့် ထားတဲ့ သဘောပဲ။ ရွှေကူမှာကား တွေဝင်လာပြီဆိုတာနဲ့ ချက်ချင်းဖုန်းနဲ့ပြောလာတယ်လေ။”

KIOအဖွဲ့အနေနှင့် စစ်အစိုးရနှင့် ယခုလိုသဘောတူညီမှုရခဲ့သော်လည်း အခြားအပစ်ရပ် အဖွဲ့များဖြစ်သည့် (၀)တပ်ဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်းမိန်းလားအဖွဲ့နှင့် မွန်ပြည်သစ် ပါတီတို့ ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အတွက် ငြင်းဆန်ထားသဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေကို စောင့်ကြည့်နေကြသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ စစ်အစိုးရနှင့် KIOတို့ ဆွေးနွေးခဲ့သည့် အကြိမ်ပေါင်း (၁၈)ကြိမ် ရှိပြီဖြစ်သည်။

Most read this week